မြောက်ကာရိုလိုင်းနားပြည်နယ် အနောက်ပိုင်းဒေသမှာ ဟာရီကိန်း ဟယ်လန် ဝင်ရောက်တိုက်ခတ်လို့ ဖြစ်ပေါ် ခဲ့တဲ့ အပျက်အစီးဟာ ကျယ်ပြန့်ပြီး ဆိုးရွားလှကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ရော့ဗ်ကူးပါးက ပြောပါတယ်။
ရာနဲ့ချီတဲ့ လူတွေ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒေသခံတွေဟာလည်း ရေလွှမ်းနေတဲ့ လမ်းတွေနဲ့ အခြေခံဝန်ဆောင်မှု စနစ်တွေ ပြတ်တောက်နေတာနဲ့ ရင်ဆိုင်ရုန်းကန်နေရတယ်လို့ ပြောပါတယ်။
မုန်တိုင်းဒဏ်ခံ နေရာတွေကို သွားရောက်ကွင်းဆင်းကြည့်ရှုတဲ့ ခရီးစဉ်မှာ ရော့ဗ်ကူးပါးက အခြေအနေတွေကို အခုလို ရှင်းလင်းတင်ပြသွားခဲ့တာပါ။

အမေရိကန်ပြည်နယ် တော်တော်များများမှာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က ဖလော်ရီဒါပြည်နယ် ကနေ စတင်ဝင်ရောက်လာတဲ့ အင်အားပြင်း ဟာရီကိန်း ဟယ်လန်ကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း (၁၀၀)ကျော်ရှိနေပြီဖြစ်ပါတယ်။
အဲဒီဟာရီကိန်းဟာ ဖလော်ရီဒါပြည်နယ် ဘစ်ဘန်းဒေသကနေ ကုန်းတွင်းပိုင်းကို စဝင်ပြီး အဲဒီကတစ်ဆင့် ဂျော်ဂျီယာ၊ တောင်နဲ့မြောက် ကာရိုလိုင်းနားပြည်နယ်တွေကို ဖြတ်သန်းမွှေနှောက်သွားခဲ့တာပါ။
ပြည်နယ်အုပ်ချုပ်ရေးမှူး ကူးပါးက မုန်တိုင်းဒဏ်သင့် ဒေသတွေကို ဝေဟင်ကနေ ကြည့်ရှုစစ်ဆေးခဲ့ပြီး အက်ရှ်ဗီးလ်မြို့က မစ်ရှင်ဆေးရုံတစ်ခုနဲ့ အသင်းအဖွဲ့တွေကို သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ နေ့စဉ်ပြည်သူတွေရဲ့ ပါဝင်ကူညီလှူဒါန်းမှုတွေက မုန်တိုင်းဒဏ်ခံရသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေကြောင်း ပြောပါတယ်။
အခုမုန်တိုင်းဟာ မြောက်ကာရိုလိုင်းနားကို ဝင်တိုက်တဲ့ မုန်တိုင်းတွေထဲမှာ မကြုံစဖူး မုန်တိုင်းတစ်ခုဖြစ်ကြောင်း၊ ဒီအတွက် အရင်နဲ့မတူတဲ့ အရေးပေါ်တုံ့ပြန်ကူညီမှုတွေ လိုအပ်ကြောင်းလည်း ပြောသွားပါတယ်။
မုန်တိုင်းဒဏ်ခံ ဒေသတွေကို ပြည်နယ်ပေါင်း(၁၉)ပြည်နယ်က အမျိုးသားအစောင့်တပ်တွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကို ဖယ်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေး ဝန်ထမ်းတွေနဲ့အတူ ကယ်ဆယ်ရေးဆောင်ရွက်ဖို့ စေလွှတ်ထားကြောင်းလည်း ကူးပါးက ရှင်းလင်းပြောကြားထားပါတယ်။