ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ ရုရှားနဲ့ တရုတ်နိုင်ငံ ခရီးစဉ်တွေဟာ ယူကရိန်းမှာ အီးယူရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီး ဟန်ဂေရီရပ်တည်ချက်ကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက အကဲဖြတ်ရမယ်လို့ အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက် ဘော်ရဲလ်က ပြောဆိုခဲ့ပါတယ်။

ဟန်ဂေရီဟာ အခုလမှာ အီးယူရဲ့ ခြောက်လအလှည့်ကျဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူခဲ့ပြီး အော်ဘန်ဟာ အီးယူမိတ်ဖက် အဖွဲ့အစည်းတွေက အသိအမှတ်မပြုပေမယ့် ငြိမ်းချမ်းရေးမစ်ရှင်အဖြစ် သူ့ကိုယ်သူဖော်ပြထားတဲ့ မော်စကိုနဲ့ ပေကျင်းခရီးစဉ်တွေကို ချက်ချင်းနီးပါး သွားရောက်ခဲ့တာပါ။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့အတွက် နေတိုးထိပ်သီးအစည်းအဝေးကနေလည်း အော်ဘန်ဟာ စောစီးစွာ ထွက်ခွာသွားခဲ့ပါတယ်။ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးဟာ ယူကရိန်းမှာ အီးယူရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ခဲ့တဲ့အပေါ် ဒါတွေဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ဘော်ရဲလ်က ပြောပါတယ်။
အဖွဲ့ဝင်နိုင်ငံတချို့ဟာ ဟန်ဂေရီအစိုးရအပေါ် ပိုမို ပြင်းထန်တဲ့ ရပ်တည်ချက်ကို ပြသလိုကြပြီး ဩဂုတ်လကုန် ဘူဒါပက်စ်မှာလုပ်မယ့် အလွတ်သဘော အစည်း အဝေးတစ်ခုကို ဝန်ကြီးတွေ မတက်ရောက်ဖို့ ဒါမှမဟုတ် အဆင့်နှိမ့်ဖို့ ပြုလုပ်လိုကြပါတယ်။
ယူကရိန်းအတွက် အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီကို ဝေဖန်သူ အော်ဘန်ဟာ အီးယူခေါင်းဆောင်တွေထဲ ရုရှားသမ္မတ ပူတင်နဲ့ အနွေးထွေးဆုံးဆက်ဆံရေးရှိသူဖြစ်ပြီး ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့ ဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ် ကြန့်ကြာစေခဲ့ပါတယ်။