လက်ဘနွန်က ဟစ်ဇ်ဘိုလာအုပ်စုနဲ့အစ္စရေးတို့ဟာ ၁၀ လကျော်အတွင်း နယ်စပ်စစ်ပွဲ အကြီးမားဆုံး တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
လက်ဘနွန်က ဟစ်ဇ်ဘိုလာအုပ်စုဟာ သြဂုတ် ၂၅ ရက် အစောပိုင်းက ရာနဲ့ချီတဲ့ ဒုံးကျည်တွေကို အစ္စရေးနိုင်ငံထဲ ပစ်လွှတ်ခဲ့ပါတယ်။
အစ္စရေးဘက်ကလည်း လက်ဘနွန်ထဲကို ဂျက်လေယာဉ် အစင်းရေ ၁၀၀ ဝန်းကျင်နဲ့ လက်ဦးမှုယူ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
လက်ဘနွန်မှာ သေဆုံးသူ သုံးယောက်ရှိတာ အတည်ပြု နိုင်ခဲ့ပြီး အစ္စရေးမှာ လူတစ်ဦးတစ်ယောက်မှ မထိခိုက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဟစ်ဇ်ဘိုလာဘက်က နောက်ထပ် တိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောခဲ့သလို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကလည်း မိမိနိုင်ငံဟာ အလုံးစုံစစ်ပွဲ ဆင်နွှဲဖို့ မကြိုးစားခဲ့ဘူးလို့ ပြောပါတယ်။
နှစ်ဖက်စလုံးက စစ်မဖြစ်ချင်ပေမယ့် ဖြစ်လာမယ်ဆိုရင် အဆင်သင့်ရှိတယ်လို့လည်း ပြောခဲ့ကြပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးဘက်ကို ဒရုန်းတွေနဲ့ ကက်ရှူးဝါး ဒုံးကျည် ၃၂၀ ပစ်ခတ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၁၁ ခုကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက အဖွဲ့ရဲ့ အကြီးတန်းတပ်မှူး ဖူအက် ရှူကာကို အစ္စရေးက လုပ်ကြံသတ်ဖြတ်မှုအတွက် လက်တုံ့ပြန်မှု ပထမအဆင့်လို့လည်း ပြောပါတယ်။
ဂါဇာစစ်ပွဲနဲ့အပြိုင် စတင်ခဲ့တဲ့ တိုက်ပွဲတွေ ကြီးထွားလာမှုမှန်သမျှဟာ ဟစ်ဇ်ဘိုလာရဲ့နောက်ခံ အီရန်နဲ့ အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်တို့ ဒေသတွင်း ထိပ်တိုက်တွေ့သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။