လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆာရာလာရဲ့ နေရာကို ဆက်ခံနိုင်ဖွယ်ရှိသူ ဟာရှမ် ဆာဖီဒင်ကို လွန်ခဲ့တဲ့သုံးပတ်က ဘေရွတ်တောင်ပိုင်း တစ်နေရာကို လေကြောင်းကနေ တိုက်ခိုက်မှုအတွင်း ရှင်းလင်းသတ်ဖြတ် နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဟစ်ဇ်ဘိုလာ အလုပ်အမှုဆောင် ဟာရှမ်ဆာဖီဒင် ၊ ထောက်လှမ်းရေးဒါရိုက်တာ အလီဟူစိန်ဟာဇီမာနဲ့အတူ တခြား ဟစ်ဇ် ဘိုလာ တပ်မှူးတွေကို လွန်ခဲ့တဲ့သုံးပတ်ကလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာကို အခု အတည်ပြုနိုင်ပြီဖြစ်ကြောင်း အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့တာပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဟစ်ဇ်ဘိုလာဘက်က ကြေညာချက်ထုတ်ပြန်တာ မရှိသေးပါဘူး။

အောက်တိုဘာ (၈)ရက်နေ့တုန်းက ပြည်သူကို ပြောကြားတဲ့ မိန့်ခွန်းမှာ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန် နာဆာ ရာလာနဲ့ သူ့နေရာကို ဆက်ခံနိုင်မဲ့သူနှစ်ယောက်ကိုပါ ရှင်းလင်းသုတ်သင်နိုင်ခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ နေရာမှာ ဟစ်ဇ်ဘိုလာ စစ်သွေးကြွ (၂၅)ယောက် စုဝေးနေခဲ့ပြီး အဲဒီအထဲမှာ လေကြောင်းကင်းထောက် သတင်းစုဆောင်းမှုကို တာဝန်ယူရတဲ့ ဘီလာ ဆေ့ အိုင် ဆိုသူလည်း ရှိနေခဲ့တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဟစ်ဇ်ဘိုလာ သတင်းရင်းမြစ်တစ်ယောက်ကလည်း အဲဒီအချိန်တုန်းက ဟစ်ဇ်ဘိုလာရဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အဖွဲ့နဲ့ နာဆာရာလာရဲ့ တစ်ဝမ်းကွဲ တော်စပ်သူ ဆာဖီဒင်တို့ဟာ အဖွဲ့နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။