လက်ဘနွန်က ဟစ်ဇ်ဘိုလာအပေါ် လိုအပ်တဲ့ ဘယ်လိုအရေးယူဆောင်ရွက်မှုကိုမဆို လုပ်ဆောင်ဖို့ အဆင်သင့် ရှိတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက် ဂါလန့်က ဇူလိုင် ၃ ရက်က ပြောဆိုလိုက်ပါတယ်။
မိမိတို့ဟာ ဟစ်ဇ်ဘိုလာအဖွဲ့ကို နေ့တိုင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး လက်ဘနွန်မှာလိုအပ်တဲ့ ဘယ်လို လုပ်ရပ်ကို မဆို လုပ်ဆောင်ဖို့ ဒါမှမဟုတ် အင်အားတောင့်တင်းတဲ့အနေအထားကို ရောက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့တာပါ။
ဗုဒ္ဓဟူးနေ့ အစောပိုင်းက လက်ဘနွန်တောင်ပိုင်း တိုင်ယာမြို့အပြင်ဘက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာအကြီးတန်းတပ်မှူးတစ်ယောက် သေဆုံးသွားခဲ့တယ်လို့ လုံခြုံရေး သတင်း ရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
အဲဒီ တပ်မှူးဟာ ဂါဇာစစ်ပွဲနဲ့အပြိုင် အောက်တိုဘာလကတည်းက အစ္စရေးစစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်နေတဲ့ နယ်စပ်တစ်လျှောက် ဟစ်ဇ်ဘိုလာရဲ့စစ်ဆင်ရေးကဏ္ဍတစ်ခု အတွက် တာဝန်ရှိသူလို့ ဆိုပါတယ်။
ဇွန်လက အစ္စရေးတိုက်ခိုက်မှုမှာ ကျဆုံးခဲ့တဲ့ တာလက် အဗ္ဗဒါလာလို ဟစ်ဇ်ဘိုလာတပ်မှူးနဲ့ တန်းတူအရေးပါသူလို့ သိရပါတယ်။
အဗ္ဗဒါလာကျဆုံးမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဟစ်ဇ်ဘိုလာဟာ ဒရုန်းတွေ ဒုံးကျည်တွေ ပစ်ခတ်ခဲ့ပါတယ်။

