ဘီလာရုစ်နိုင်ငံမှာ အကြမ်းဖက်ဝါဒစွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ဂျာမနီနိုင်ငံသား ရီကိုကရီဂါက တရားဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခဲ့တယ်လို့ ဘီလာရုစ် သမ္မတ အလက်ဇန္ဒာ လူကာရှန်ကိုနဲ့ နီးစပ်တဲ့ Telegram ချယ်နယ်တစ်ခုမှာ ဇူလိုင် ၃၀ က ပြောဆိုလိုက်ပါတယ်။
သူလျှိုလို့ စွဲချက်တင်ပြီး ဖမ်းဆီး ခံထားရတဲ့ အမေရိကန်သတင်းထောက် အီဗန်ဂါရှကိုဗစ်ချ်နဲ့ တခြား အနောက်တိုင်းသားတွေကို ဖြစ်နိုင်ခြေရှိတဲ့ အကျဉ်းသား လဲလှယ်ရေးကိစ္စမှာ ရုရှားက အနောက်နိုင်ငံတွေနဲ့ ဆွေးနွေးနေချိန်မှာ အခုသတင်း ထွက်လာတာပါ။
ရုရှားက လွတ်မြောက်စေလိုသူတွေထဲမှာ ဂျာမနီမှာ လူသတ်မှုအတွက် ထောင်ဒဏ်တစ်သက် ကျခံနေရတဲ့ ရုရှားနိုင်ငံသား ဗာဒင် ကရာဆီကော့ဗ် ပါဝင်ပြီး သူ့ကိုလွှတ်ပေးရင် ဘာလင်က တစ်ခုခု ပြန်ရစေမှာ ဖြစ်ပါတယ်။

ကရစ်ဂါက သူဟာ ယူကရိန်းထောက်လှမ်းရေး တာဝန်ပေးချက်အရ ပြီးခဲ့တဲ့အောက်တိုဘာမှာ ဘီလာရုစ်က စစ်စခန်းတွေကို ဓာတ်ပုံရိုက်ဖို့ တာဝန်ထမ်းဆောင်ခဲ့ပြီး မင့်စ်ရဲ့ အရှေ့တောင်ဘက်က ရထားလိုင်းပေါ် ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ခဲ့တယ်လို့ ပြောဆိုခဲ့တာကို ပြီးခဲ့တဲ့အပတ်က ထုတ်လွှင့်တဲ့ ဘီလာရုစ်နိုင်ငံပိုင်တီဗီမှာ ပြသခဲ့ပါတယ်။
ကရစ်ဂါဟာ ဖိအားတွေကြောင့် ပြောနေတာဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အင်တာဗျူးမှာ သူက သူ့ရဲ့လုပ်ရပ်အတွက် နောင်တရပြီး လူကာရှန်ကိုဆီက လွတ်ငြိမ်းချမ်းသာခွင့် ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။