ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီးဟိုတယ်မှာ သေဆုံးသွားခဲ့တဲ့ နိုင်ငံခြားသား (၆)ယောက် သေဆုံးရတဲ့ အကြောင်းရင်းဟာ ဆိုင်ယာနိုက် အဆိပ်မိလို့ဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဗုဒ္ဓဟုးနေ့မှာ ထုတ်ပြန်လာပါတယ်။

အဆိပ်ပျံ့နှုန်းမြန်ဆန်တဲ့ ကြောက်မက်ဖွယ် အဲဒီဓာတုအဆိပ်ကို ဂရန်း ဟိုင်ယက် အီရာဝန် ဟိုတယ်က သူတို့ရဲ့ အခန်းတွင်းက သောက်ရေခွက်နဲ့ လက်ဖက်ရည်အိုးထဲမှာ စစ်ဆေးတွေ့ရှိရတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါ တယ်။

ထိုင်းရဲတပ်ဖွဲ့က ဟိုတယ်ခန်းတွင်း စားပွဲတစ်ခုပေါ်မှာ စားသောက်ဖွယ်တွေရှိနေတဲ့ ပုံတွေ ထုတ်ပြန်လာခဲ့ ပါတယ်။ အဲဒီထဲက ဓာတ်ပုံတစ်ပုံမှာလည်း သတ္တုဘူး တစ်ခု ၊ ရေဘူးတွေနဲ့ အရည်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက် ကိုလည်း တွေ့ရပါတယ်။

သေဆုံးရုပ်အလောင်းတွေကို ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ ဆိုက်ယာနိုက်အဆိပ် မိထားတဲ့ သဲလွန်စတွေကို တွေ့ရပြီး အောက်ဆီဂျင်ဓာတ် ကင်းမဲ့သွားတာကို ညွှန်ပြတဲ့ လက္ခဏာအဖြစ် နှုတ်ခမ်းတွေ ပြာနှမ်းနေတာကို တွေ့ရတယ်လို့ ချူလာလောင်ကွန်း ဆေးရုံက တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းထောက်တွေကို ဆေးရုံဘက်က ဆက်ပြောပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဆွေမျိုးတွေကို မေးမြန်းချက်တွေအရ သေဆုံးသူတွေကြားမှာ ကြွေးမြီကိစ္စ အငြင်းပွားမှု တစ်ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုမှာ အမေရိကန် ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က မှုခင်းစစ်တဲ့ ထိုင်းရဲတပ်ဖွဲ့ကို ကူညီပံ့ပိုးမှုပေးခဲ့ပါတယ်။
ဘန်ကောက်အခြေစိုက် ဗီယက်နမ်သံရုံးကလည်း အဲဒီဖြစ်စဉ်မှာ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသလို အမေရိကန်ု နိုင်ငံခြား ရေး ဝန်ကြီးဌာနကလည်း ဖြစ်စဉ်ကို စောင့်ကြည့်နေပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် ဒေသအာဏာပိုင်တွေဆီမှာ တာဝန်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။