အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုကို ဇူလိုင် ၂၁ ရက်မှာ အဆုံးသတ်လိုက်ပြီး သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံတော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ကို အနိုင်ယူပြီး သမ္မတဆက်ဖြစ်ဖို့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှုနဲ့ စွမ်းရည်အပေါ် လုပ်ဖော်ကိုင်ဖက်ဒီမိုကရက်တွေက ယုံကြည်ချက်မရှိတဲ့နောက် အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်က ဆုံးဖြတ်လိုက်တာပါ။
ဒီမိုကရက်ပါတီရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံအတွက် ဆုံးဖြတ်လိုက်တာလို့ ဘိုင်ဒင်က ထုတ်ပြန်ခဲ့ပါတယ်။
သူဟာ သူ့ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးချိန် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ သမ္မတနဲ့ စစ်ဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်မှာဖြစ်ပြီး အခုသီတင်းပတ်အတွင်း နိုင်ငံအတွက် မိန့်ခွန်းပြောကြားမယ်လို့ X လူမှုကွန်ရက်ကနေ ဘိုင်ဒင်က ပြောဆိုခဲ့ပ့ါတယ်။

သူ ပြန်လည်ရွေးကောက်တင်မြှောက်ခံဖို့ ပယ်ချလိုက်ခြင်းက ဒုသမ္မတ ကမာလာ ဟဲရစ္စဟာ နိုင်ငံ့သမိုင်းမှာ ပထမဆုံးသော လူမည်းအမျိုးသမီး ကိုယ်စားလှယ်လောင်းအဖြစ် ဒီမိုကရက်ပါတီရဲ့ ပြေးလမ်းထိပ်ဆုံးကို ရောက်ရှိသွားစေပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူအဖြစ် ကျယ်ပြန့်စွာရှုမြင်ခံရတဲ့ တခြားဒီမိုကရက်တစ်ပါတီ ထိပ်တန်းပုဂ္ဂိလ်တွေဟာ ဟားရစ္စကို စိန်ခေါ်မှာလား ဒါမှမဟုတ် ပါတီကိုယ်တိုင်က အမည်စာရင်းတင်သွင်းဖို့ တံခါးဖွင့် ရွေးချယ်မှာလား ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ပြီးခဲ့တဲ့လက ရီပတ်ဘလစ်ကန်ပြိုင်ဘက် ဒေါ်နယ်ထရမ့် နဲ့ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည် အလွန်ညံ့ဖျင်းပြီးနောက် ပြိုင်ပွဲမှ နုတ်ထွက်ဖို့ ဒီမိုကရက်တစ်အမတ်တွေ ၊ ပါတီတာဝန်ရှိသူတွေအပြင် အစိုးရနဲ့ ပုဂ္ဂလိက ပိုင်းကပါ ဖိအားတွေ ထွက်ပေါ်လာပြီးနောက် ဘိုင်ဒင်က အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။