မကြာခင် ရာထူးကနေ အနားယူတော့မဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်ပြည်မှာ အန္တရာယ်ရှိတဲ့ အော်လီဂါ့ချ် သူဌေးကြီးတစ်ယောက် ပေါ်ပေါက်လာနေကြောင်း သူရဲ့ နောက်ဆုံး နှုတ်ဆက်မိန့်ခွန်းမှာ ထည့်သွင်း သတိပေးလိုက်ပါတယ်။

အလွန်အမင်း ချမ်းသာကြွယ်၀ပြီး ဩဇာအာဏာရှိတဲ့ အော်လီဂါ့(ချ်) တစ်ယောက်ဟာ အမေရိကန်မှာ ပေါ်ပေါက်လာနေပြီး ဒီမိုကရေစီ၊ အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကိုပါ ခြိမ်းခြောက် လာနေတယ်လို့ ဗုဒ္ဒဟူနေ့က မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။ အလွန်အမင်း ကြွယ်၀ချမ်းသာလာတဲ့ နည်း ပညာလုပ်ငန်းတွေဟာ အမေရိကန်ပြည်သူတွေအပေါ် အထိန်းအကွပ်မဲ့ အာဏာပိုကြီးလာနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုနဲ့ ဆိုရှယ်မီဒီယာပေါ်က သတင်းတုတွေကိုလည်း သတိထားဖို့ ထောက်ပြသွားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းမှာ ဘိုင်ဒန်က သူရဲ့ သက်တမ်းအတွင်း အလုပ်အကိုင်ဖန်တီးပေးခဲ့တာ၊ အခြေခံအဆောက်အအုံတွေအတွက် အသုံးစရိတ် သုံးစွဲခဲ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တိုင်းပြည်ကို ကိုဗစ် ကပ်ရောဂါထဲက ဦးဆောင်ခဲ့တာနဲ့ အမေရိကန်ကို ပိုမိုဘေးကင်းလုံခြုံတဲ့ နိုင်ငံဖြစ်အောင် စွမ်းဆောင်ခဲ့တာတွေကို ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ အသစ်တက်လာမဲ့ ထရမ့်အစိုးရအနေနဲ့ အောင်မြင်မှုရစေကြောင်းကိုလည်း ဆန္ဒ ပြုသွားခဲ့ပါတယ်။ မိန့်ခွန်းအဆုံးမှာ အမေရိကန်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ တိုင်းပြည်ကို သတိနဲ့ ဆက်လက် ကာကွယ်စောင့်ရှောက်ဖို့၊ လောင်မြိုက်နေတဲ့ အန္တရာယ်မီးလျှံကို ထိန်းတဲ့သူတွေဖြစ်ကြစေဖို့ တိုက်တွန်း နှိုးဆော်ပြီး အဆုံးသတ်ခဲ့ပါတယ်။