အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရှေ့အလယ်ပိုင်းအခြေအနေနဲ့ အမေရိကန်ရွေးကောက်ပွဲအတွက် စိုးရိမ် ပူပန်မှုတွေကြားက သြဂုတ် ၁၁ ရက်မှာ ဒီလာဝဲ နွေရာသီစံအိမ်အနီးမှာ စက်ဘီးစီရင်း အနားယူနေပါတယ်။
နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ အဓိကကျတဲ့ စစ်မြေပြင်ဖြစ်တဲ့ ပင်ဆယ်ဗေးနီးယားမှာ ဒီမိုကရက်တစ် သမ္မတလောင်း ကင်မလာဟဲရစ်အတွက် မဲဆွယ်သွားမယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။
အမေရိကန် ဒီမိုကရေစီရေး အနာဂတ်အတွက် စိုးရိမ်မှုတွေနဲ့အတူ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ်နဲ့ ပြိုင်ဆိုင်မှုကနေ နုတ်ထွက်တော့မယ်လို့ ဇူလိုင်လနှောင်းပိုင်းက ကြေညာပြီးနောက်ပိုင်း သူ့ရဲ့ပထမဆုံးအကြိမ် CBS နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတဘိုင်ဒန်က ပြောခဲ့တာပါ။

စနေနေ့က ထုတ်ပြန်တဲ့ နယူးယောက်တိုင်းမ်နဲ့ ဆီနာကောလိပ် စစ်တမ်းတွေအရ ပင်ဆယ်ဗေးနီးယားနဲ့ တခြား အဓိကကျတဲ့ ပြည်နယ်နှစ်ခုဖြစ်တဲ့ ဝစ္စကွန်ဆင်နဲ့ မီချီဂန်မှာ ကင်မလာက ထရမ့်အပေါ် လေးမှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ ကင်မလာက ဒုသမ္မတလောင်း အဖြစ် ရွေးချယ်ထားတဲ့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့ဇ်ကိုလည်း ထက်မြက်သူဖြစ်ကြောင်း ဘိုင်ဒန်က ထောက်ခံခဲ့ပါတယ်။
သမ္မတဘိုင်ဒန်နဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့တို့ဟာ ဂါဇာမှာ ဓားစာခံတွေ အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ရဖို့ အစ္စရေးနဲ့ ဟားမာ့စ် နှစ်ဖက်စလုံးရဲ့ ဆက်တိုက် အတားအဆီးတွေကြားက ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။