ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာရှိတဲ့ ရီဂင်အမျိုးသားလေဆိပ် အနီးမှာ အမေရိကန် ဘလက်ဟော့ခ် စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်တင် လေယာဉ်တစ်စင်းတို့ ဝေဟင်မှာ တိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်လေကြောင်းလိုင်းရဲ့ ကုမ္ပဏီခွဲတစ်ခုက ခရီးသည်လေယာဉ်တစ်စင်းနဲ့ အမေရိကန် စစ်လေယာဉ်တို့ တိုက်မိပေါက်ကွဲပြီး Potomac မြစ်ထဲကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ အဲဒီခရီးသည်တင် လေယာဉ်ဟာ လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းကို ဆင်းသက်ဖို့ ချဉ်းကပ်လာချိန်မှာ အခုလို စစ်ရဟတ်ယာဉ်နဲ့ တိုက်မိခဲ့တာဖြစ်ပြီး လက်ရှိမှာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ၆၇ ယောက်အထိ ရှိလာကြောင်း NBC သတင်းမှာ ရေးသားထားပါတယ်။

လေယာဉ်ပျက်ကျမှု ဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လက်ရှိမှာ အမေရိကန် အခြေစိုက် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါ တယ်။ ခရီးသည်တင် လေယာဉ်ဟာ ကန်ဆပ်စ်ပြည်နယ် ဝီချစ်တာကနေ ထွက်ခွာလာခဲ့တဲ့ လေယာဉ်ဖြစ်တယ်လို့ လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။ အိမ်ဖြူတော်ကလည်း စစ်ရဟတ်ယာဉ်တစ်စင်း အဲဒီမတော်တဆ ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။