နိုဗာ နော်ဒစ်ကုမ္ပဏီက သူ့ရဲ့ နာမည်ကြီး ဝက်ဂိုဗီ ကိုယ်အလေးချိန်ချဆေးဟာ တရုတ်ပြည်မှာ တရားဝင် အတည်ပြု ထောက်ခံချက်ရရှိသွားပြီဖြစ်တယ်လို့ အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
ဒီအတွက် နိုဗာ နော်ဒစ် ကုမ္ပဏီဟာ ကမ္ဘာ့ ဒုတိယအကြီးဆုံး စျေးကွက်ကြီးတစ်ခုထဲမှာ သူရဲ့ ဝက်ဂိုဗီ ဆေးဝါးထုတ်ကုန်ကို တင်သွင်း ရောင်းချရဖို့အတွက် လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။
နိုဗာ ကုမ္ပဏီက သူ့အနေနဲ့ အပတ်စဉ် ထိုးဆေးကို တိုက်ရိုက် ပေးချေဝယ်ယူလိုတဲ့ တရုတ်လူနာတွေကို အရင်ဆုံး ဦးတည်ရောင်းချသွားမယ်လို့ မတ်လတုန်းက ပြောခဲ့ဖူးပါ တယ်။
တရုတ်နိုင်ငံမှာ ကိုယ်အလေးချိန်တက်သူ သက်လတ်ပိုင်း အရေအတွက်ဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ သန်း(၅၄၀)အထိ ရှိလာနိုင်ပြီး ဒါဟာ ၂၀၀၀ ပြည့်နှစ်တုန်းက အခြေအနေနဲ့ ယှဉ်ရင် (၂ ဒသမ ၈)ဆ ပိုများလာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အ၀လွန်သူ အရေအတွက်ဟာလည်း သန်း (၁၅၀)အထိ ရှိလာနိုင်ပြီး (၇ ဒသမ ၅) ဆ မြင့်တက်လာမယ်လို့ ခန့်မှန်းရကြောင်း တရုတ်ပြည်သူ့ကျန်းမာရေး သုတေသီတွေက ပြောပါတယ်။
နိုဗာရဲ့ ကိုယ်အလေးချိန် ချဆေး တစ်ခုဖြစ်တဲ့ အိုဇမ်ပစ် ဟာလည်း (၂၀၂၁) ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ တရားဝင် အတည်ပြု ထောက်ခံချက်ရခဲ့ပြီး မနှစ်က ဆေးရောင်းရငွေ အမေရိကန်ဒေါ်လာ သန်း (၆၉၀)ကျော် ရရှိခဲ့ပါတယ်။
