နေတိုးအဖွဲ့နဲ့ ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်ဖြစ်တဲ့ လစ်သူယေးနီးယားနိုင်ငံမှာ စစ်အခြေစိုက်စခန်း တည်ဆောက်မှုကို ဂျာမနီက စတင်လိုက်ပါတယ်။
အဲဒီစစ်စခန်းမှာ တိုက်ပွဲဝင် ဂျာမန်တပ်သား ၄၀၀၀ လောက်ဟာ အသင့် အမြဲရှိနေမှာဖြစ်ပြီး တင့်ကားနဲ့ တခြား စစ်လက်နက်တွေကိုလည်း ၂၀၂၇ ခုနှစ် မကုန်ခင် အပြီး တပ်ဖြန့် ချထားမှာ ဖြစ်ပါတယ်။
လစ်သူယေးနီးယား ဝန်ကြီးချုပ်က အဲဒီစစ်အခြေစိုက်စခန်း တည်ဆောက်ရေး စီမံကိန်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေးပေါ် တိုင်းပြည်ရဲ့ အလေးအနက်ထားမှုကို ဖော်ပြနေတယ်လို့ စီမံကိန်းစတင်တဲ့ အခမ်းအနားမှာ ပြောပါတယ်။

ဂျာမနီနိုင်ငံဟာ ရုရှားနဲ့ နယ်ချင်းကပ်နေတဲ့ လစ်သူယေးနီးယားမှာ တပ်ဖွဲ့တွေ စေလွှတ်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ချက်ချခဲ့တာပါ။
ဂျာမနီကာကွယ်ရေးဝန်ကြီးကလည်း အခုလို တပ်ဖွဲ့တွေ စေလွှတ်မှုကို စစ်အေးခေတ်တုန်းက အနောက်ဥရောပကို ဆိုဗီယက်က တိုက်ခိုက်လာမှုကနေ ခုခံကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး အနောက်ဂျာမနီနိုင်ငံမှာ မဟာမိတ်တပ်တွေ တပ်ဖြန့်ခဲ့တာနဲ့ နှိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။
လစ်သူယေးနီးယားဟာ အခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့ပြီး ကာကွယ်ရေး အသုံးစရိတ် လိုအပ်ချက်ကို ဖြည့်တင်းဖို့အတွက် အခွန်တိုးမြှင့်ကောက်ခံမှုတွေ လုပ်ခဲ့ပါတယ်။