လစ်ဗျားအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ အစိုးရအဖွဲ့က ရေနံတွင်းတွေ အားလုံးကို ပိတ်ပြီး ထုတ်လုပ်မှုနဲ့ ပြည်ပ တင်ပို့ မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ထရီပိုလီ အစိုးရအဖွဲ့က တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုတာ မရှိပါဘူး။ လစ်ဗျားရဲ့ ရေနံ အရင်း အမြစ်တွေကို ထိန်းချုပ်တဲ့ အမျိုးသားရေနံအသင်း(NOC)ကလည်း သတင်းအချက်အလက် ထုတ်ပြန်တာမျိုး မလုပ်ပါဘူး။
(NOC)ရဲ့ တွဲဖက် ကုမ္ပဏီဖြစ်တဲ့ ဝါဟာ ရေနံ ကုမ္ပဏီကတော့ ရေနံထုတ်လုပ်မှုကို ဖြည်းဖြည်းချင်း လျှော့ချဖို့ စီစဉ်ထားပြီး ဆန္ဒဖော်ထုတ်မှုတွေနဲ့ ဖိအားပေးမှုတွေ ရှိနေတာကြောင့် ရေနံထုတ်လုပ်မှုကို လုံး၀ ရပ်ဆိုင်းသွားရဖို့ ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

TotalEnergiesနဲ့ ConocoPhillipsတို့နဲ့ လုပ်ငန်းတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ ဝါဟာ ကုမ္ပဏီဟာ တစ်ရက်ကို ရေနံစည်ပေါင်း ၃ သိန်း ထုတ်လုပ်ပြီး အဲဒီထုတ်ကုန်တွေကို နိုင်ငံအရှေ့ပိုင်း အက်စ်ဆီဒါ ဆိပ်ကမ်းကနေ ပြည်ပကို တင်ပို့ပါတယ်။
လစ်ဗျားနိုင်ငံမှာ နိုင်ငံရေးပြိုင်ဘက် အုပ်စုတွေဟာ ဗဟိုဘဏ်ကို ထိန်းချုပ်ရေးနဲ့ ရေနံကရတဲ့ အကျိုးအမြတ် တွေကို ထိန်းချုပ်နိုင်ရေးအတွက် အားပြိုင်နေကြတာပါ။
လစ်ဗျား ဗဟိုဘဏ် အကြီးအကဲကို နိုင်ငံရေးအစုအဖွဲ့ တချို့က ရာထူးကနေ ဖယ်ရှားခဲ့တဲ့နောက် ကျန်တဲ့ ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့တွေက သီးခြားစုဖွဲ့မှုတွေ လုပ်လာတဲ့အတွက် လစ်ဗျားမှာ နိုင်ငံရေး တင်းမာမှုအသစ်တစ်ခု ထပ်မံပေါ်ပေါက်လာနေပါတယ်။
နိုင်ငံအရှေ့ ပိုင်းက ရေနံတွင်းတွေ ပိတ်သွားရင် လစ်ဗျား အနောက်တောင်ပိုင်းက တစ်ရက်ကို ရေနံစည်ပေါင်း ၁၃၀၀၀၀ ထုတ်လုပ်ပေးနေတဲ့ အယ်လ်ဖီးလ် ရေနံမြေတစ်ခုပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။