အင်္ဂလန်အနောက်မြောက်ပိုင်း လစ်ဗာပူးလ်မြို့က တေလာဆွစ်ကပွဲအနီး ဓားထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာမှာ ကလေးနှစ်ယောက် သေဆုံးခဲ့ပြီး ကျူးလွန်သူလို့ သံသယရှိသူ အသက် (၁၇)နှစ်အရွယ် အမျိုးသားကိုလည်း ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောပါတယ်။

တိုက်ခိုက်မှုမှာ သုံးတဲ့ ဓားကိုလည်း အခင်းဖြစ်တဲ့ နေရာမှာ သိမ်းဆည်းရမိထားပါတယ်။
အဲဒီအမျိုးသားကို လူသတ်မှု သံသယ၊ လူသတ်ဖို့ ကြံစည်အားထုတ်မှုတို့နဲ့ ဖမ်းချုပ်ထားတာပါ။

အဲဒီဖြစ်စဉ်အတွင်း ကလေးငယ်(၉)ယောက် ဒဏ်ရာရထားပြီး အဲဒီထဲက (၆)ယောက်ရဲ့ ဒဏ်ရာဟာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။ နောက်ထပ် လူလတ်ပိုင်းအရွယ် နှစ်ယောက်ဟာလည်း အသက် အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိထားပါတယ်။
အဲဒီ ဒဏ်ရာရခဲ့တဲ့ လူလတ်ပိုင်း နှစ်ယောက်ဟာ ကလေးတွေ ကို ကာကွယ်ဖို့ သတ္တိရှိရှိ ကြိုးစားရင်း ဒဏ်ရာရခဲ့တာလို့ ယူဆထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ ဆီရီနာ ကနေဒီ က ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို ရောက်လာတဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ကလေးငယ် အများအပြား ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ပြင်းထန်ဒဏ်ရာတွေ ရထားတာကို တွေ့မြင်ခဲ့ကြ တယ်လို့လည်း ဆီရီနာ ကနေဒီက ဆက်ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ကြော်ငြာအရ အဲဒီ ပွဲဟာ အသက် (၆)နှစ်ကနေ (၁၁)နှစ်ကြား ကလေးငယ်တွေအတွက် ယောဂနဲ့ အက သင်တန်းလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။