တရုတ်-အမေရိကန်နှစ်နိုင်ငံကြား တည်ငြိမ်တဲ့ ဆက်သွယ်ပြောဆိုမှုတွေ ထားရှိနိုင်စေဖို့အတွက် ပေကျင်းကို ရောက်ရှိနေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလီဗန်ဟာ ကြာသပတေးနေ့က တရုတ် သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း တရုတ်သမ္မတ ရှီက တည်ငြိမ်ကြံ့ခိုင်ပြီး ရေရှည်ခံတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးရည်မှန်းချက်အပေါ်မှာထားရှိတဲ့ သဘောထားဟာ မပြောင်းလဲဘဲ ရှိနေကြောင်း၊ အမေရိကန်အနေနဲ့ တရုတ်နဲ့တူညီတဲ့ဘက်မှာ ရပ်တည်ပြီး အလုပ်လုပ်သွားမယ်လို့ မျှော်လင့်ကြောင်းနဲ့ တစ်နိုင်ငံ ရဲ့ ဖွံ့ဖြိုးမှုကို တစ်နိုင်ငံက စိန်ခေါ်မှုထက် အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်ဖို့ မျှော်လင့်ကြောင်း ဆွေးနွေး ပြောဆိုခဲ့ပါတယ်။
ဆူလီဗန်က ပြန်လည်ဆွေးနွေးရာမှာ ယှဉ်ပြိုင်မှုက ပဋိပက္ခအသွင်ကို ဆောင်မသွားစေဖို့အတွက် အရေးပါလှတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဘိုင်ဒန်က တာဝန်ယူမှုရှိရှိ စီမံခန့်ခွဲနေပြီး ရှီနဲ့ လာမဲ့အပတ်ထဲမှာ တွေ့ဆုံဖို့ ဘိုင်ဒန်က မျှော်မှန်းထားကြောင်း ပြောသွားခဲ့ပါတယ်။

နှစ်နိုင်ငံကြား လျော့ရဲသွားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြင်ဆင်ဖို့ မနှစ်ကစပြီး ကြိုးစားခဲ့ကြရာမှာ အဲဒီနောက်ပိုင်း အခုလို တွေ့ဆုံမှု ပေါ်ပေါက်ခဲ့တာပါ။
ဆူလီဗန်ဟာ ပေကျင်းခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၊ တရုတ် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ကျန်ယိုရှားတို့နဲ့ တွေ့ဆုံကာ နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ဒေသဆိုင်ရာ စစ်ဌာနချုပ်တွေကြား တိုက်ရိုက်ဖုန်းခေါ်ဆိုမှု လမ်းကြောင်းတစ်ခု ဖော်ဆောင်ဖို့ အစီအစဉ်တွေအပြင် တောင်တရုတ်ပင်လယ်ကိစ္စ၊ ယူကရိန်းအရေး၊ တရုတ် တိုင်ပေအရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ အေအိုင်နည်းပညာ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။