လစ်ဗျား-တူနီးရှားနယ်စပ်တစ်လျှောက် သဲကန္တာရအတွင်း လူအစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့ သင်္ချိုင်းမြေပုံ တစ်ခုကို တွေ့ရှိကြောင်း သတင်းထွက်ပေါ်ပြီးနောက် စောင့်ကြည့်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီ အကြီးအကဲက ဇူလိုင် ၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။

မတ်လတုန်းက လစ်ဗျားနိုင်ငံ အနောက်တောင်ပိုင်း က အစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့ သင်္ချိုင်းတစ်ခုမှာ ရွှေ့ပြောင်းနေထိုင်သူ ၆၅ ယောက်ထက်မနည်းတဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ လူ့အခွင့်အရေးအေဂျင်စီအကြီးအကဲ ဘိုလ်ကာတပ်ခ်က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂရဲ့ စုံစမ်းမေးမြန်းမှုတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး ဒီရာဇဝတ်မှုတွေကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေကို တိုက်တွန်း ကြောင်း ပြောဆိုခဲ့ပါတယ်။ ရွှေ့ပြောင်းတွေနဲ့ ဒုက္ခသည်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။ သေဆုံးသွားသူတွေနဲ့ ချစ်ခင်ပတ်သက်သူတိုင်းဟာ အမှန်တရားကို သိပိုင်ခွင့်ရှိတယ်လို့လည်း ဘိုလ်ကာတပ်ခ်က ပြောဆိုခဲ့ပါတယ်။