အမေရိကန်ကို တရားမဝင် ရွှေ့ပြောင်းတွေ လာရောက်တဲ့အပေါ် ဟန့်တားနိုင်ဖို့အတွက် မက္ကဆီကိုနဲ့ ဗဟို အမေရိကတွေမှာ ကြော်ငြာဆိုင်းဘုတ်တွေထောင်ပြီး သတိပေးတဲ့လှုပ်ရှားမှု အမေရိကန်ဘက်က စတင်နေ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ မက္ကဆီကိုနဲ့ ဗဟိုအမေရိကနိုင်ငံတွေက တရားမဝင် ရွှေ့ပြောင်း အများအပြားဟာ မက္ကဆီကိုနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တက္ကဆက်ပြည်နယ်ကနေ ဝင်ရောက်လာလေ့ ရှိတာပါ။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့တ်က (Greg Abbott) ဒီဇင်ဘာ ၁၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဒီဘေလ်ဘုတ်ကမ်ပိန်းကို စတင်ကြောင်း ကြေညာခဲ့တာပါ။မက္ကဆီကိုနဲ့ ဗဟိုအမေရိကတွေမှာ စိုက်ထူမယ့် ကြော်ငြာဆိုင်းဘုတ်တွေထဲမှာတော့ တရားမဝင် နယ်စပ်ဖြတ် ကျော်ပြီး တက္ကဆက်ကို ဝင်ရောက်ရင် အဖမ်းခံရမယ်လို့ သတိပေးထားတဲ့ စာသားတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီလို တရားမဝင်လာရောက်တဲ့ခရီးမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံရနိုင်တယ်ဆိုတဲ့ သတိပေးမှုလည်းပါဝင်ပါတယ်။

ဒီကြော်ငြာဆိုင်းဘုတ်တွေဟာ တရားမဝင် ဝင်ရောက်လာရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သတိပေးတဲ့ သဘောဖြစ်တယ်လို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကြော်ငြာဆိုင်းဘုတ်တွေထောင်တဲ့ လှုပ်ရှားမှုအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းခန့် ကုန်ကျပြီး ကြော်ငြာဘုတ် ဒါဇင်ပေါင်းများစွာ စိုက်ထူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။