ပီရူးနိုင်ငံက ရေခဲတောင်တွေမှာ လွန်ခဲ့တဲ့ ၂၂ နှစ်က ပျောက်ဆုံးသွားတဲ့ အမေရိကန် တောင်တက်သမားကို နဂိုအတိုင်း မပုပ်မသိုး မပျက်စီးတဲ့ အနေအထားနဲ့ ပီရူးကယ်ဆယ်ရေးသမားတွေက ပြန်လည်တွေ့ရှိထားပါတယ်။

ပီရူးနိုင်ငံရဲ့ ရေခဲတောင်တွေမှာ ရေခဲလွှာတွေ အရည်ပျော်ကျမှု ဆက်လက်ဖြစ်ပေါ်နေရာမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်တောင်တက်သမားရဲ့ ရုပ်အလောင်းကို အခုလို ပြန်လည်တွေ့ရှိရတာဖြစ်ပါတယ်။ ရုပ်အလောင်းမှာ တောင်တက်ဝတ်စုံတွေ ၊ ဆက်စပ်ကိရိယာတွေကို အရင်မူလအတိုင်း ရှိနေတာကို တွေ့ရပြီးတော့ ယာဉ်မောင်း လိုင်စင်နဲ့ ဝီလီယမ် စတမ်ဖီ ဆိုသူရဲ့ နိုင်ငံကူးလက်မှတ်ကို တွေ့ရှိရပါတယ်။

အဲဒီ စတမ်ဖီ ဆိုသူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က နင်းထုပြိုကျမှုအတွင်း သေဆုံးသွားခဲ့ပြီလို့ ယူဆရပါတယ်။ ပီရူးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီ ရုပ်အလောင်းကို ဇူလိုင်(၅)ရက်နေ့က ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၇၀၀၀ ကျော် ၊ ဟွာစကာရန် တောင်ထွတ်ရဲ့ အောက်နားမှာ တွေ့ရှိခဲ့တာလို့ ဖော်ပြထားပါတယ်။

ပီရူးနိုင်ငံက ရေခဲထုတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်စပြီး အရည်ပျော်ကျမှုကြောင့် တဖြည်းဖြည်း ထုထည်ပမာဏ လျော့ကျလာနေတယ်လို့ ဟွာစကာရန် အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။