ချီလီနိုင်ငံ ဆန်တီယေဂိုမြို့က တိရစ္ဆာန်ဥယျာဉ်မှာ အသစ်မွေးဖွားလာတဲ့ ကြံ့ဖြူလေးတစ်ကောင်ကို အင်္ဂါနေ့က လာရောက်ကြည့်ရှုတွေနဲ့ စည်ကားခဲ့ပါတယ်။

အဲဒီရှားပါးကြံ့ဖြူလေးဟာ သူ့ရဲ့ ကြံ့မေမေကြီးဘေးမှာ ပြေးလွှား ဆော့ကစားနေဟန်ကို ကလေးငယ်တွေနဲ့ လူလတ်ပိုင်း ဧည့်သည်တွေက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြ ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ မျိုးစိတ်တွေကို ပြန်လည်မျိုးပွားတဲ့နေရာမှာ ရူအင် တိရစ္ဆာန်ဥယျာဉ်ဟာ ရှေ့ဆောင်အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ရူအင် တိရစ္ဆာန်တာဝန်ရှိသူ ဒေါက်တာ အင်နာစီယို အိုင်ဒါလ်ဆိုအာဂါက ပြောပါတယ်။

အခုမွေးဖွားတဲ့ ကြံ့ဖြူလေးဟာ ရူအင်တိရစ္ဆာန်ရုံမှာ တတိယ မြောက် မွေးဖွားတဲ့ ကြံ့ဖြူလေးလည်း ဖြစ်ပါတယ်။ ကြံ့ဖြူတွေဟာ ဦးချို ရယူလိုမှုအတွက်နဲ့ သတ်ဖြတ်ခံရမယ့် ဘေးနဲ့ ရင်ဆိုင်နေရပြီး တောင်အာဖရိကမှာ စားကျက်မြေ နည်းပါးလာတဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့ ဦးချိုအတွက်နဲ့ ကောင်ရေ (၅၀၀)လောက်ဟာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။