ရုရှားတပ်ဖွဲ့တွေဟာ Yars(ရားစ်) အမျိုးအစား တိုက်ချင်းပစ် ပဲ့ထိန်းနျူကလီးယားဒုံးကျည်ပစ် လောင်ချာတွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ ရုရှားမီဒီယာတွေက ဇူလိုင် ၂၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ရွှေ့ပြောင်းနိုင်တဲ့ နျူကလီးယားဒုံးကျည်နဲ့ လေ့ကျင့်မှု တစ်လမပြည့်ခင် ဒုတိယအကြိမ်မြောက် အခုလေ့ကျင့်မှုကို ပြုလုပ်လာတာပါ။

ပထမစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လအစောပိုင်းက မတူညီတဲ့ ဒေသနှစ်ခုမှာ လေ့ကျင့်ခဲ့တယ် လို့ ဆိုပါတယ်။

ရုရှားအနေနဲ့ မဟာမိတ် ဘီလာရုစ်နဲ့အတူ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကြက်လေ့ကျင့်ပြီးနောက် နှစ်လမပြည့်ခင် အခုလို လေ့ကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ထိပ်ဖူးများစွာပါတဲ့ ဒုံးကျည်စနစ်တွေက ကီလိုမီတာ ၁၁၀၀၀ အကွာအဝေးက ပစ်မှတ်တွေကို ထိမှန်နိုင်တယ်လို့ ရုရှားနိုင်ငံထုတ် ခွန်မားဆန့်သတင်းစာက ဖော်ပြခဲ့ပါတယ်။
အဲဒီလက်နက်စနစ်တွေကို ထရပ်ကား ဒါမှမဟုတ် ဒေါင်လိုက်ပြွန် တွေနဲ့ တပ်ဆင်ဖြန့်ကြက်ထားနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ပြီးကတည်းက ရုရှားဟာ နိုင်ငံအတွင်းမှာ တရုတ်၊ တောင်အာဖရိက အပါအဝင် တခြားနိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။
ရုရှား၊ ယူကရိန်းတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘီလာရုစ်နဲ့လည်း စစ်ရေးလေ့ကျင့်မှု တိုးမြှင့်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေပါတယ်။