ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားနဲ့ ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် ဗီယက်နမ်ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်ကို ကြာသပတေးနေ့မှာ ရောက်ရှိလာပါတယ်။
ဟနွိုင်းမြို့တော် လေဆိပ်ကို ပူတင်ရဲ့ လေယာဉ်ဆိုက်ရောက်လာချိန်မှာ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ထရန်ဟုန်ဟာ နဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ ထိပ်တန်းတာဝန်ရှိသူ လဲဟွိုင်းထရွန်းတို့က ကော်ဇောနီခင်း ကြိုဆိုခဲ့ကြပါတယ်။

အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ကြားနေနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတဲ့ ဗီယက်နမ်နိုင်ငံဟာ ယူကရိန်းအရေးအခင်းမှာ ရုရှားနိုင်ငံကို ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ဘဲ လက်ရှောင်ထားပါတယ်။ ဒီအတွက် ကရင်မလင်နဲ့ အလွန်နီးကပ်တဲ့ ရပ်တည်ချက်အဖြစ် အနောက်နိုင်ငံတွေက ရှုမြင်ထားကြပါတယ်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ သတင်းစာ နန်းဒန်းမှာ ဖော်ပြခဲ့တဲ့ဆောင်းပါးမှာ ပူတင်က ယူကရိန်းအရေးမှာ ဟန်ချက်ညီရပ်တည်ချက် ကျင့်သုံးမှုအတွက် ဗီယက်နမ်ကို ချီးကျူးထားသလို စွမ်းအင်နဲ့ ကုန်သွယ်မှု စတဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေမှာ ရရှိထားတဲ့ တိုးတက်မှုတွေကိုလည်း ဖော်ပြထားပါတယ်။
ဗီယက်နမ်ခရီးစဉ်အတွင်းမှာ ရုရှား သမ္မတ ပူတင်ဟာ ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင် ဖူထရောင်း ၊ သမ္မတ တိုလမ်း နဲ့ ဝန်ကြီးချုပ် ဖန်မင်ချင် တို့နဲ့ တွေ့ဆုံသွားမှာပါ။ ရုရှားခေါင်းဆောင်ဟာ ဟိုချီမင်း ဂူဗိမာန် အပါအဝင် တခြား အထင်ကရ အထိမ်းအမှတ်နေရာတွေမှာ ပြုလုပ်မဲ့ လွမ်းသူ့ပန်းခွေချတဲ့ အခမ်းအနားတွေကို လည်း တက်ရောက်သွားဖို့ ရှိနေပါတယ်။