ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဟာ မော်စကိုမြို့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားပါတယ်။ အာမန်း ဆာကစ္စယန်းဟာ ပေါက်ကွဲမှုအတွင်း ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ မော်စကို ဆေးရုံ တစ်ရုံမှာ တနင်္လာနေ့က သေဆုံးသွားတာလို့ ရုရှားနိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ မော်စကိုမြို့တော် အိမ်ရာတစ်ခုထဲက စျေးဝယ်စင်တာမှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသွားတဲ့ ဆာကစ္စယန်းဟာ ယူကရိန်း အရှေ့ပိုင်း ဇာတိဖြစ်ပြီး အဲဒီဒေသမှာ ခွဲထွက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ အာဘတ် တပ်ရင်းကို တည်ထောင်ခဲ့ သူ ဖြစ်ပါတယ်။ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က သူ့ကို ရာဇဝတ်မှုတွေကို ကြိုးကိုင်ခဲ့သူလို့ သတ်မှတ်ထား ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ ရုရှားနဲ့ အသိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွေထဲက အကျဉ်းစခန်း တွေကို ကြီးကြပ်ရသူ ဖြစ်လာခဲ့ပါတယ်။

အဲဒီ အာဘတ် တပ်ရင်းကို ၂၀၂၂ ခုနှစ်ထဲမှာ တည်ထောင်ခဲ့တာဟာ လေယာဉ်ပျက်ကျသေဆုံးခဲ့တဲ့ ဗာဂနာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုရှင်ရဲ့ဩဇာကို တန်ပြန်ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ ပရီဂိုရှင်ဟာ ၂၀၂၃ ခုနှစ်ထဲမှာ ရုရှားစစ်ဘက် ခေါင်းဆောင်မှုကို ပုန်ကန်ဖို့ ကြိုးစားမှုအပြီး နှစ်လအကြာမှာ လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့ပါတယ်။