ရုရှားနဲ့ တရုတ်စစ်သင်္ဘောတွေ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်မှာ ရုရှားသမ္မတ ပူတင်က အာရှမှာ မော်စကို ထက် အင်အားသာအောင် မကြိုးစားဖို့ အမေရိကန်ကို သတိပေးလိုက်ပါတယ်။

တရုတ်နဲ့ ရုရှားစစ်တပ်တွေအကြား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုအဆင့် နက်ရှိုင်းလာစေဖို့နဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ပူးတွဲတုံ့ပြန် နိုင်တဲ့စွမ်းရည် မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ပူးတွဲလေ့ကျင့်ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ပစိဖိတ်၊ အာတိတ်သမုဒ္ဒရာနဲ့ မြေထဲပင်လယ်၊ ဘောလ်တစ်နဲ့ ကက်စပီယံ ပင်လယ်တွေမှာ စက်တင်ဘာ ၁၆ ရက်အထိ လုပ်ဆောင်မယ့် ရုရှားစစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်း
ဖြစ်ပါ တယ်။

ကျယ်ပြန့်တဲ့ “ Ocean-2024” မဟာဗျူဟာလေ့ကျင့်ခန်းကို မြေထဲပင်လယ်ကနေ ပစိဖိတ်သမုဒ္ဒရာအထိ လုပ်ဆောင်မှာဖြစ်ပြီး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးအဆင်သင့်ရှိမှုနဲ့ အလားအလာရှိ အမျိုးအစားသစ်တွေ အပါ အဝင် တိကျသေချာတဲ့ လက်နက်တွေ အသုံးပြုမှုကို စမ်းသပ်မယ်လို့ ပူတင်က ပြောပါတယ်။

ဆိုဗီယက်ခေတ် နောက်ပိုင်း အကြီးမားဆုံး ရုရှားရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ရုရှားစစ်သည် ၉၀,၀၀၀ ကျော်၊ ရေယာဉ် ၄၀၀ ကျော်၊ လေယာဉ် ၁၂၅ စင်းတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။