ရုရှားနိုင်ငံ အရှေ့ဘက်စွန်း ကမ်ချတ်ကာ ကျွန်းဆွယ်မှာ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို ရှာဖွေရေးအဖွဲ့တွေနဲ့ ဖြန့်ကြက် ရှာဖွေခဲ့ပေမဲ့ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မတွေ့ရှိခဲ့ဘူးလို့ နိုင်ငံပိုင် TAS သတင်းဌာနက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသည် အများစုပါဝင်တဲ့ လူ ၂၂ ယောက် လိုက်ပါလာတဲ့ Mi-8T ရဟတ်ယာဉ်ဟာ ဗက်ခ်ခါဇက် မီးတောင်နားက အခြေစိုက်စခန်းတစ်ခုကနေ စနေနေ့မှာ ထွက်ခွာခဲ့တာပါ။
ရေဒါမှာ ပျောက်ဆုံးသွားပြီးနောက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ် အပျက်အစီးကို တောင်ကုန်းတစ်ခုမှာ တွေ့ရှိခဲ့တယ်လို့ ကမ်ချက်ကာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မော်စကိုမြို့အရှေ့ဘက် ကီလိုမီတာ ၇၁၀၀ အကွာက ကမ်ချက်ကာ ကျွန်းဆွယ်မှာ သီတင်းပတ်ကုန်က လေပြင်းတွေ၊ မိုးသည်းထန်စွာရွာသွန်းတာတွေနဲ့အတူ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ အလောင်း ၁၇ လောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ အရေးပေါ် ဝန်ကြီးဌာနက ကြေညာခဲ့ပြီး ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
မီးတောင်ရှင်တွေနဲ့ ကမ္ဘာလှည့် ခရီးသည်ဆွဲဆောင်ရာ ဧရိယာကို ပျံသန်းတဲ့ ဆိုဗီယက်ခေတ်ဒီဇိုင်း ရဟတ်ယာဉ်ကို ကမ်ချက်ကာအခြေစိုက် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။