ရိုမေးနီးယားက အွန်လိုင်းပုဂ္ဂိုလ်ကျော် အင်ဒရူးတိတ်ဟာ ဆိုင်းငံ့ထားတဲ့ လူကုန်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှုအတွက် ရဲတပ်ဖွဲ့က ရက်ပေါင်း ၃၀ ကြာ ထိန်းသိမ်းသင့်မသင့် ကြားနာတဲ့ အယူခံတရားရုံးကို စက်တင်ဘာ (၄)ရက်က တက်ရောက်ခဲ့ပါတယ်။
အင်ဒရူးတိတ်၊ သူ့အစ်ကို ထရစ္စတန်တိတ် နဲ့ တခြားလေးယောက်ကို စုံစမ်းစစ်ဆေးမှုအတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သြဂုတ်လမှာ တရားရုံးက နေအိမ်အကျယ်ချုပ် ကျခံစေခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို ရိုမေးနီးယား ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ DIICOT က အယူခံဝင်ခဲ့ပါတယ်။

ဘူခါရက်စ်မြို့တော် အယူခံတရားရုံးက ထွက်ခွာလာစဉ် တိတ်က သူတို့အသွင်အပြင်ကို တင်ဆက်ဖော်ပြနေတဲ့ မီဒီယာတွေဟာ လူအများကို လိမ်ညာနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
တိတ်ဟာ သူ့အစ်ကို၊ ရိုမေးနီးယား အမျိုးသမီးနှစ်ယောက်နဲ့အတူ လူကုန်ကူးမှု၊ မုဒိမ်းမှုနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်ဖို့ ရာဇဝတ်ဂိုဏ်းတစ်ခု ဖွဲ့စည်းမှုနဲ့ ၂၀၂၃ နှစ်လယ်က စွဲချက်တင်ခံထားရတာပါ။
သူတို့ကတော့ စွပ်စွဲချက် တွေကို ငြင်းဆိုထားပါတယ်။ အမျိုးသမီးတွေကို အထင်အမြင်သေး နှိမ့်ချဆက်ဆံသူတစ်ယောက်အဖြစ် သူ့ကိုယ်သူ ပုံဖော်ပြောဆိုပြုမူလေ့ရှိသူ အွန်လိုင်းဆယ်လီ တိတ်ဟာ သူ့ကို ထောက်ခံအားပေးသူ ပရိသတ် သန်းပေါင်းများ စွာ ရရှိထားသူလည်း ဖြစ်ပါတယ်။