ဗီယက်နမ်မှာ အနည်းဆုံး လူ ၁၇၉ ယောက် သေဆုံးခဲ့တဲ့ တိုင်ဖွန်း ယာဂီလို အလွန်အားကောင်းတဲ့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ ဖြစ်နိုင်ခြေဟာ ရာသီဥတုပြောင်းလဲမှုတွေကြောင့် တိုးလာနေတယ်လို့ သုတေသီတွေက ပြောပါတယ်။
ရာသီဥတု ပူနွေးလာမှုဟာ အခုနှစ်ရဲ့ နောက်ပိုင်းလတွေမှာ မုန်တိုင်းတွေအတွက် အထောက်အကူ ဖြစ်စေမယ့် အခြေအနေတွေ ဖန်တီးပေးပါတယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုဟာ ရာသီတစ်ခုအတွင်း မုန်တိုင်း အရေအတွက်အပေါ် သက်ရောက်မှုရှိတာကိုတော့ သိပ္ပံနည်းကျ သဘောတူညီမှု မရှိသေးပါဘူး။
ဒေသတွင်း ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်မားနေဆဲဆိုရင် မုန်တိုင်းတစ်ခုအတွင်း ပြင်းထန်မှုကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
သမုဒ္ဒရာတွေသာမရှိရင် ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာဂြိုဟ်ဟာ ပိုမိုပူပြင်းလာမှာပါ။
ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်းက သမုဒ္ဒရာဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အပူဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပူနွေးလာမှုရဲ့ ၉၀ % လောက်ကို စုပ်ယူခဲ့ပါတယ်။

အဲဒီအပူဓာတ်အများစုဟာ ရေမျက်နှာပြင်အနီးမှာ ရှိနေပြီး မုန်တိုင်းရဲ့ ပြင်းထန်မှုနဲ့ စွမ်းအားပိုမိုအားကောင်းတဲ့ လေတွေကို လောင်စာပေးနိုင်ပါတယ်။
ယာဂီလို မုန်တိုင်းတွေဟာ ပိုစိုစွတ်လာပြီး မီလီမီတာ ၄၀၀ ထက် ကျော်လွန်တဲ့ စုစုပေါင်း မိုးရေချိန်မျိုးကို အနာဂတ်မှာ မကြာခဏ ပိုတွေ့မြင်နိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းကြပါတယ်။
အခုနှစ် အာရှရဲ့ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တဲ့ တိုင်ဖွန်းယာဂီလို ဂေမီနဲ့ ရှန်ရှန် အပါအဝင် တခြားထင်ရှားတဲ့ မုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
ကမ္ဘာကြီးဟာ စက်မှုခေတ်မတိုင်မီ ပျမ်းမျှထက် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ် ပိုမိုပူနွေးနေပြီး ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေဟာ ရာသီဥတုပြောင်းလဲဖို့ အဓိကမောင်းနှင်အားဖြစ်တယ်လို့ သိရပါတယ်။