အစ္စရေးကာကွယ်ရေးဝန်ကြီးက ဂါဇာတောင်ပိုင်း ရာဖာဒေသက ဟားမာ့စ်တွေကို ဖြိုခွင်းတဲ့ မြေပြင်စစ်ဆင်ရေး မှာ ပါဝင်ဖို့ တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်လိုက်တယ်လို့ မေလ ၁၆ ရက်က ပြောပါတယ်။ နယ်မြေအတွင်းက ဥမင်လိုဏ်ခေါင်းအများအပြားကို တပ်ဖွဲ့ဝင်တွေက ဖျက်ဆီးခဲ့ပြီး နောက်ထပ်လည်း မကြာခင် ဖျက်ဆီးလိမ့် မယ်လို့ ကာကွယ်ရေးဝန်ကြီး ယိုအက်ဂေါလန့်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဟားမာ့စ်တွေဟာ ပြန်လည်ဖွဲ့စည်းနိုင်စွမ်းမရှိသလို ကျည်ဆန်တွေလည်း မထုတ်လုပ်နိုင်ဘဲ ထောက်ပံ့မှု ပြတ်တောက်နေပြီ လို့လည်း ဂေါလန့်က ပြောဆိုခဲ့ပါတယ်။ ရာဖာကို မချီတက်သေးမီ ဂါဇာတောင်ပိုင်းကို တိုက်ခိုက်နေစဉ်အတွင်း ဂါဇာမြောက်ပိုင်းက ဂျာဘလီအာ အလယ်ဗဟိုကို အစ္စရေးတင့်ကားတွေ တိုးဝင် သွားပါတယ်။
အဲဒီတင့်ကား တွေဟာ တင့်ကားဖျက်ဒုံးကျည်တွေ မော်တာဗုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပါလက်စတိုင်း ဒေသခံ တွေနဲ့ စစ်သွေးကြွတွေက ပြောပါတယ်။ ဟားမာ့စ်ရဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်စီးနင်းမှုကို တုံ့ပြန်ခဲ့တဲ့ အစ္စရေး ထိုးစစ်ဟာ ခုနစ်လကျော်အကြာမှာ တိုးတက်မှုနှေးကွေးနေပါတယ်။ ဒါက စစ်သွေးကြွအဖွဲ့ကို အမြစ်ပြတ် ချေမှုန်း ဖို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ခဲယဉ်းပုံကို မီးမောင်းထိုးပြနေတယ်လို့ သိရပါတယ်။