ဒေါ်နယ်ထရမ့် လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ရာထူးကနေ နုတ်ထွက်ပေးဖို့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် အမတ်တွေ ရဲ့ တောင်းဆိုချက်ကို အမေရိကန်လျှို့ဝှက်စုံစမ်းရေးအဖွဲ့ (SS)ဒါရိုက်တာ ကင်ဘာလေ ချိတဲလ်က တနင်္လာနေ့က ပယ်ချလိုက်ပါတယ်။

အကြောင်းအရာအများစုမှာ အမြဲ သဘောထားကွဲလွဲလေ့ရှိကြတဲ့ အမေရိကန် အောက်လွှတ် တော် လေ့လာစိစစ်ရေး ကော်မီတီ ဥက္ကဋ္ဌ ရီပတ်ဘလီကန်အမတ် ဂျိမ်းစ် ကောမားနဲ့ ထိပ်တန်း ဒီမိုကရက်အမတ် ဂျာမီယာ ရက်စ်ကင်တို့ကတောင် ချိတဲလ်ကို ရာထူးကနေ ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။

ရက်စ်ကင်က ချိတဲလ်ဟာ နိုင်ငံ့သမိုင်းမှာ အခုလို အရေးကြီးပြီး သိမ်မွေ့တဲ့ အခြေအနေမျိုးမှာ လွှတ်တော်ရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ ဒီအတွက် လွှတ်တော်အနေနဲ့ ဒီအခြေအနေကို ကျော်လွန်ကာ ဆောင်ရွက်ဖွယ်ရှိတာကို အမြန်ဆောင်ရွက်သွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောပါတယ်။

(၃)နာရီကျော်လောက် ကြာမြင့်တဲ့ အောက်လွှတ် တော်တွင်း ကြားနာစစ်ဆေးမှုမှာ အမေရိကန် လျှို့ဝှက်စုံစမ်းရေးအဖွဲ့ ဒါရိုက်တာ ချိတဲလ်က ဇူလိုင် (၁၃)ရက်နေ့ ပစ်ခတ်လုပ်ကြံမှုကို ဆယ်စုနှစ်များစွာအတွင်း လျှို့ဝှက်စုံစမ်းရေးအဖွဲ့ရဲ့ ကြီးမားတဲ့ လုပ်ငန်းတာဝန် ပျက်ကွက်မှု အဖြစ် သတ်မှတ်ပြောဆိုခဲ့ပြီး ၁၉၈၁ ခုနှစ်က သမ္မတဟောင်း ရော်နယ် ရေဂင်ကို လုပ်ကြံဖို့ အားထုတ်မှုဖြစ်စဉ်မှာ လုံခြုံရေး ကျိုးပေါက်မှုဖြစ်ခဲ့တာနဲ့လည်း နှိုင်းယှဉ်ပြောဆိုသွားခဲ့ပါတယ်။
ဒါပေမဲ့ ပါတီနှစ်ရပ်စလုံးက အမတ်တွေ ရဲ့ ရာထူးက ထွက်ပေးရေး တောင်းဆိုချက်ကိုတော့ ချိတဲလ်က လက်ရှိမှာ လျှို့ဝှက်စုံစမ်းရေးအဖွဲ့ကို ဦးဆောင်ဖို့ က သူသာလျှင် အသင့်တော်ဆုံး ပုဂ္ဂိုလ်လို့ ယူဆကြောင်းပြောပြီး တောင်းဆိုချက်ကို အကြိမ်ကြိမ် ပယ်ချခဲ့ ပါတယ်။