ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးက ဝန်ကြီးချုပ်ရာထူးကနေရော၊ အာဏာရ လစ်ဘရယ် ပါတီရဲ့ ခေါင်းဆောင်နေရာကပါ နုတ်ထွက်သွားတော့မယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ပါတီက ခေါင်းဆောင်မှုကို ဆက်ခံမဲ့သူ ရွေးချယ်ပြီးချိန်မှာ ဝန်ကြီးချုပ်နေရာကရော ပါတီခေါင်းဆောင်နေရာကပါ နုတ်ထွက်သွားမှာဖြစ်တယ်လို့ အသက်(၅၃)နှစ်အရွယ် ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးက အော်တာဝါမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ကနေဒါ ပါလီမန်ကိုလည်း လစ်ဘရယ်ပါတီ ခေါင်းဆောင်သစ် ရွေးချယ်လို့ပြီးမဲ့ မတ်လ(၂၄)ရက်နေ့အထိ ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ပြောပါတယ်။ ရာထူးကထွက်ဖို့ ကြေညာ စဉ်မှာ ထရူးဒူးက သူ့အနေနဲ့ ကနေဒါရဲ့ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းကို ပြုပြင်ပြောင်းလဲဖို့ ပျက်ကွက်ခဲ့တဲ့ အပေါ်မှာ နောင်တရကြောင်း ပြောသွားခဲ့ပါတယ်။

ဂျစတင် ထရူးဒူးဟာ လစ်ဘရယ်ပါတီ ခေါင်းဆောင်အဖြစ် (၁၁)နှစ်ကြာ ၊ ဝန်ကြီးချုပ်အဖြစ် (၉)နှစ်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ကနေဒါအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရေးခြိမ်းခြောက်မှုကနေ နိုင်ငံရေးမဟာမိတ်တွေ ရာထူးက နုတ်ထွက်မှုတွေကြောင့် လူကြိုက်များမှု ကျဆင်းတာနဲ့ ရင်ဆိုင်နေရချိန်မှာ ရာထူးကနေ နုတ်ထွက်ရဖို့ ဖြစ်လာခဲ့ တာပါ။ အခုနှစ်ထဲမှာ ကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲမှာလည်း ထရူဒူးဟာ မဲရှုံးနိမ့်မယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ရှုမြင်သုံးသပ်မှုတွေ ရှိနေပါတယ်။