ရာထူးကနေ ရပ်စဲခံရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုးလ်ကို ဖမ်းဆီးရေး ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို သက်တမ်းတိုးဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေက တောင်းဆိုလိုက်ပါတယ်။

ယွန်းဆော့ယိုးလ်အပေါ် ထုတ်ပြန်ထားတဲ့ ဖမ်း၀ရမ်းဟာ တနင်္လာနေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူဟာ သမ္မတအိမ်တော်ထဲမှာပဲ အဖမ်းခံဖို့ ဆက်လက် ငြင်းဆန်ခုခံနေတာပါ။ ဒီအတွက် သူ့ကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းဖို့အတွက် ဖမ်း၀ရမ်း သက်တမ်းတိုးဖို့ စုံစမ်း စစ်ဆေးရေးမှူးတွေဘက်က အခုလို တောင်းဆိုလာတာပါ။

ပြီးခဲ့တဲ့လက မအောင်မြင်တဲ့ မာရှယ်လော ထုတ်ပြန်မှု နဲ့ ပတ်သက်ပြီး ယွန်းဆော့ယိုးလ်ကို စုံစမ်းစစ်ဆေးရေးမှူးတွေက ဖမ်းဆီးဖို့ သွားရောက်ခဲ့ရာမှာ သမ္မတအိမ်တော် လုံခြုံရေးအဖွဲ့ ရာပေါင်းများစွာက ပိတ်ဆို့ဟန့်တားခဲ့တာကြောင့် ဖမ်းဆီးရေး ကြိုးပမ်းမှု မအောင်မြင်ဘဲ ဖြစ်ခဲ့ရပါ တယ်။ ယွန်းကို ဖမ်းဆီးရေးမှာ အခက်ကြုံနေရတဲ့အတွက် ကူညီဖို့ ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးရေးမှူးတွေဘက်က တောင်းဆိုထားပေမဲ့ ရဲတပ်ဖွဲ့က လက်ရှိမှာ လက်ခံတာ မရှိသေးဘူးလို့ ပြောပါတယ်။