ယူကရိန်းနိုင်ငံ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ်တွေရဲ့ ပထမဆုံး ပုံရိပ်တွေကို ယူကရိန်းက သြဂုတ် ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲစတင်ပြီးနောက်ပိုင်း ၂၉ လကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမေရိကန်လုပ် တိုက်လေယာဉ်တွေ ရောက်ရှိလာပြီး ယူကရိန်းလေယာဉ်မှူးတွေက မောင်းနှင်ပျံသန်းနေကြပြီလို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောပါတယ်။
စစ်ပွဲပထမနှစ်ကတည်းက ကိယက်ဗ်က လိုလားခဲ့တဲ့ စစ်လေယာဉ် တွေ ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့တဲ့ ဇယ်လန်းစကီးဟာ F-16 မောင်းနှင်တဲ့ လေယာဉ်မှူးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတိုက်လေယာဉ်တွေ ရောက်ရှိလာမှုဟာ လပေါင်းများစွာ စောင့်ဆိုင်းနေရတဲ့ ယူကရိန်းအတွက် စစ်ပွဲကာလ မှတ်တိုင်တစ်ခုဖြစ်ပေမယ့် လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်မြေပြင်မှာ ဘယ်လောက် အကျိုးသက်ရောက်မလဲ မသိရသေးပါဘူး။
F-16 တိုက်လေယာဉ်တွေမှာ ဘယ်လို ဒုံးကျည်တွေ တပ်ဆင်ထားတယ်ဆိုတာလည်း မသဲကွဲသေးပါဘူး။
ယူကရိန်းဟာ ရုရှားရဲ့ အဆင့်မြင့်ပြီး ပိုမိုများပြားတဲ့ လေယာဉ်စုကို ရင်ဆိုင်ဖို့အတွက် ဆိုဗီယက်ခေတ် သက်တမ်းရင့် စစ်လေယာဉ်တွေကို မှီခိုအားထားနေရဆဲ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံတစ်ဝန်းက ပစ်မှတ်တွေကို တာဝေး ပစ်ဒုံးကျည်တွေနဲ့ ပုံမှန်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရှေ့တန်းနေရာတွေကို ဖိအားပေးဖို့ ပဲ့ထိန်းဗုံးတွေ သုံးခဲ့ပါတယ်။