အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ နီးကပ်လာနေချိန်မှာပဲ ယူကရိန်းနဲ့ရုရှားတို့ဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အကြီးစားတိုက်ခိုက်မှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြတယ်လို့ CNN သတင်းမှာ ကြာပတေးနေ့က ဖော်ပြထားပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ရုရှားအတွင်းပိုင်းထဲကို ဒရန်းတွေနဲ့ မစ်ဆိုင်းလ်ဒုံးတွေ သုံးပြီး အကြီးစား တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီလိုတိုက်ခိုက်ရာမှာ အမေရိကန်လုပ် ATACMS (အတက်ကမ်) တိုက်ချင်းပစ် ဒုံးကျည် (၆)စင်းလည်း သုံးစွဲခဲ့တယ်လို့ ယူကရိန်းနဲ့ ရုရှား တာဝန်ရှိသူ တွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအပေါ် ရုရှားဘက်ကလည်း ယူကရိန်းကို အင်္ဂါနေ့ တစ်ညလုံးနဲ့ ဗုဒ္ဓဟူးနေ့ အထိ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး ပြန်လည် လက်တုံ့ပြန်ခဲ့ပါတယ်။ ယူကရိန်းထဲ ရုရှားဒုံးကျည် အစင်း(၄၀) ကျရောက်ခဲ့ပြီး အဲဒီထဲက အခု(၃၀)ကို အောင်မြင်စွာ ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်ရေး ဒရုန်း အစင်း(၇၀)ဟာလည်း အဲဒီတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇာလန် စကီးက ပြောပါတယ်။ မကြာခင် ကျမ်းသစ္စာကျိန်ဆိုတော့မဲ့ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းအရေးကို အမြန်ဆုံး အဆုံးသတ်ဖို့ ကတိပြုထားပေမဲ့လည်း ဘယ်လို အဆုံးသတ်စေမယ်ဆိုတဲ့ အသေးစိတ်အချက်ကိုတော့ အခုအထိ ပြောတာမျိုး မရှိပါဘူး။ ဒီအတွက် အိမ်ဖြူတော်ကို ထရမ့်ရောက်ရှိလာမှုက လေးနှစ်တာ ကြာမြင့်လာပြီးဖြစ်တဲ့ ယူကရိန်းစစ်ပွဲအရေးနဲ့ ပတ်သက်ပြီး မသေချာမရေရာမှုတွေ ကြီးမားလာစေခဲ့ပါတယ်။