ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ရုရှားနိုင်ငံ Kursk ဒေသမှာ မြောက်ကိုရီးယား တပ်သား တစ်ထောင်နီးပါး သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်မျက်နှာပြင်မှာ အစုလိုက်အပြုံလိုက် အသေအပျောက်တွေ ကြုံနေရတယ်လို့ အိမ်ဖြူတော်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားထားတာကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ရိုက်တာ သတင်းမှာရေးသားထားပါတယ်။
ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားဘက်ကနေ ကူညီတဲ့ မြောက်ကိုရီးယား တပ်သား တစ်ထောင်လောက်ဟာ ရှေ့တန်း စစ်မြေပြင် ဖြစ်တဲ့ ရုရှားပိုင်နက် Kursk ဒေသမှာ သေဆုံး၊ဒဏ်ရာရခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က လာမယ့် ရက်ပိုင်းအတွင်း ယူကရိန်းအတွက် နောက်ထပ်လုံခြုံရေးအကူအညီအစီအစဥ်ကို အတည်ပြုဖို့ရှိတယ်လို့ ပြောကြားထားပါတယ်။
တစ်ချိန်တည်းမှာပဲ စလိုဗက်ကီးယားက ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က အတည်ပြုခဲ့ပါတယ်။