ယူကရိန်းစစ်ပွဲအတွက် အဖြေကို စစ်မြေပြင်မှာ ရှာမတွေ့နိုင်ဘဲ ဆွေးနွေးပွဲတွေဆီကပဲ ရှာဖွေမှ ငြိမ်းချမ်းရေး ရမယ်လို့ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာ မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြောဆိုခဲ့ပါတယ်။

အိန္ဒိယရဲ့ အထူးဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ခံစားခဲ့ရပြီး ယူကရိန်းစစ်ပွဲအတွက် ငြိမ်းချမ်းတဲ့အဖြေကို ရှာတွေ့ဖို့ ကြိုးပမ်းမှုအတွက် ကျေးဇူးတင်တယ်လို့ သမ္မတပူတင်က ရုရှားမှာ အလည်အပတ်ရောက်ရှိနေတဲ့ မိုဒီကို ပြောဆို ခဲ့ပါတယ်။ အိန္ဒိယကို ရုရှားက စွမ်းအင်ထောက်ပံ့မှုနဲ့ စီးပွားရေးနဲ့ ဗျူဟာမြောက်ဆက်ဆံရေးကိစ္စတွေပါဝင်တဲ့ ဆွေးနွေးပွဲကို ကရင်မလင်မှာ ကျင်းပခဲ့ပါတယ်။

စစ်ပွဲ၊ ပဋိပက္ခ ဒါမှမဟုတ် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ကလေးငယ်တွေ သေဆုံးရတာဟာ အလွန် နာကျင်ရတယ်လို့လည်း မိုဒီက ပြောဆိုခဲ့ပါတယ်။
ယူကရိန်း မြို့တော် ကိယက်ဗ်က အဓိက ကလေးဆေးရုံကို ရုရှားဒုံးကျည် ထိမှန်ပြီးတစ်ရက်အကြာမှာ မိုဒီက အဲဒီလို ပြောဆိုခဲ့တာပါ။ (၂၂)ကြိမ်မြောက် ရုရှား-အိန္ဒိယ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေတဲ့ မိုဒီကို စိန့်အင်ဒရူးအမိန့်နဲ့ ရုရှားရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို သမ္မတပူတင်က ဇူလိုင် ၉ ရက်မှာ ပေးအပ်ခဲ့ပါတယ်။