ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက အိမ်ရှင်အဖြစ် ဦးဆောင်ပြီး ဥရောပနိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ ဥရောပသမဂ္ဂနဲ့ ကနေဒါအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတချို့က ခေါင်းဆောင်တွေဟာ မတ်လ ၂ ရက် လန်ဒန်မြို့ မှာ စုဝေးကာ ယူကရိန်းကို ဆက်လက်ကူညီဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို ယူကရိန်းသမ္မတ ဇယ်လန်း စကီးလည်း တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ယူကရိန်းကို ထပ်တိုးအကူအညီတွေပေးဖို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ သဘောတူခဲ့ကြကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အိမ်ဖြူတော်မှာ သမ္မတဒေါ်နယ်ထရမ့်နဲ့ ဇယ်လန်းစကီး တို့ မီဒီယာတွေရှေ့မှာ စကားအခြေအတင် ဖြစ်ခဲ့ကြအပြီး ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ အမေရိကန်အနေနဲ့ ယူကရိန်းဘက်က ဆက်ပြီး အကူအညီ မပေးတော့မှာကို စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း ဥရောပလုံခြုံရေးအတွက် ဥရောပနိုင်ငံတွေကိုယ်တိုင် ပိုပြီး တာဝန်ယူလုပ်ကြဖို့ ပြောနေခဲ့တာပါ။

လန်ဒန်က ဆွေးနွေးပွဲမှာတော့ တက်ရောက်လာတဲ့ ခေါင်းဆောင်အားလုံးက ယူကရိန်းနဲ့ တစ်သားတည်းရပ်တည် ကြောင်း ပြောကြားခဲ့ပါတယ်။ ယူကရိန်းအတွက် စစ်ရေးအရ ရုရှားရဲ့ ကျုးကျော်ရန်စမှုကို ခုခံကာကွယ်နိုင်အောင် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဖြစ်ရင် အင်အားရှိတဲ့ အနေအထားကနေ ဆွေးနွေးနိုင်အောင် ကူညီဖို့ အချက်လေးချက်ပါတဲ့ သဘောတူညီချက်ကို ရခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။