မြောက်ကိုရီးယားနိုင်ငံ စီနျူဂျူမြို့နဲ့ တရုတ်နိုင်ငံနယ်စပ်အနီးက ဖျောင်းယန်ပြည်နယ် အူအီဂျူခရိုင်မှာ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ ၄၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇူလိုင်လ ၃၁ ရက်က ထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ရေကြီးနေတဲ့ ဒေသတွေကို ရော်ဘာလှေနဲ့ သွားရောက်စစ်ဆေးပြီး ရထားပေါ်မှာ အစည်းအဝေး ကျင်းပနေတဲ့ ဓာတ်ပုံတွေကို KCNA က ထုတ်ပြန်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုအတွက် အလွန်စိုးရိမ်ကြောင်း ကင်ဂျုံအွန်က ထုတ်ဖော်ပြောကြားခဲ့ပြီး ဘေးဒဏ်သင့်ဒေသတွေကို ပြန်လည်ထူထောင်ရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

အများပြည်သူဆိုင်ရာ အဆောက်အအုံတွေ ပစ္စည်းပစ္စယတွေ လမ်းတွေနဲ့အတူ လယ်မြေဧက ၇,၄၀၀ လောက်လည်း ရေနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာရ အလုပ်သမားပါတီရဲ့ သြဇာကြီးတဲ့ ပေါ်လစ် ဗျူရိုက အခုသီတင်းပတ် အစောပိုင်းမှာ နှစ်ရက်ကြာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့တယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။
မကြာသေးမီရက်များအတွင်းက အပူပိုင်းမုန်တိုင်း ဂေမီကြောင့် မြောက်ကိုရီးယားရဲ့ အဲဒီ ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။