ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက အတိုက်အခံ သမ္မတလောင်း အက်မွန်ဒို ဂွန်ဇာလပ်စ်အနေနဲ့ တရားရုံးကို အတိုက်အခံတွေရဲ မဲစာရင်း တင်ပြရင် ရှောင်လွှဲမရနိုင်တဲ့ အကျိုးဆက်တွေဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။
အဲဒီလို မဲစာရင်းတင်ပြမှု မလုပ်ရင်လည်း သူ့ဟာသူ ဒုက္ခတွေ့လာနိုင်တယ်လို့ ပြောသွားပါတယ်။
အတိုက်အခံတွေက သူတို့ရဲ့ မဲရေတွက်မှုအရ ဂွန်ဇာလပ်စ်ဟာ မဲ ၆၇ ရာခိုင်နှုန်း ရရှိပြီး မဲ ၄ သန်းနီးပါးအသာနဲ့ အနိုင်ရတယ်လို့ ပြောပါတယ်။
ဒါဟာ မာဒူရို ရရှိထားတဲ့ မဲထက် နှစ်ဆ များပြီး သီခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ စစ်တမ်းတွေက ဖော်ပြတဲ့ အချက်အလက်တွေနဲ့လည်း ကိုက်ညီတဲ့ရလဒ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ က သမ္မတ မာဒူရိုရဲ့ ပန်ကြားချက်အရ တရားရုံးချုပ်က ဂွန်ဇာလပ်စ်နဲ့ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ အားလုံးကို မဲစာရင်းတွေတင်ပြဖို့ ဆင့်ခေါ်ခဲ့ရာမှာ ဂွန်ဇာလပ်စ်ကလွဲရင် ကျန်တဲ့ကိုယ်စားလှယ်တွေအားလုံးဟာ မဲစာရင်းတွေ အသီးသီးတင်ပြခဲ့ကြပါတယ်။
ဗင်နီဇွဲလား ရွေးကောက်ပွဲကောင်စီဥက္ကဋ္ဌက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေထည့်သွားတဲ့ မဲတွေကို ရေတွက်မှု ၉၇ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ပြီး မာဒူရိုက ၅၂ ရာခိုင်နှုန်းနဲ့ အနိုင်ရကြောင်း သောကြာနေ့မှာ ထပ်မံ အတည်ပြုပြောဆိုလာခဲ့ပါတယ်။
ဒါပေမဲ့ အတိုက်အခံဘက်နဲ့ ဒေသတွင်းက အစိုးရတွေနဲ့ အဖွဲ့အစည်းတွေက တောင်းဆိုထားတဲ့အတိုင်း ဗင်နီဇွဲလား အမျိုးသား ရွေးကောက်ပွဲကောင်စီက မဲစာရင်း အသေးစိတ်ကို ထုတ်ပြန်ပေးတာမျိုး မလုပ်သေးပါဘူး။