ရုရှားနိုင်ငံ မော်စကိုမြို့တော် မြောက်ပိုင်းက စစ်ထောက်လှမ်းရေးအေဂျင်စီမှာ ဇူလိုင် ၂၄ ရက်က ကားဗုံးပေါက်ကွဲ မှုကြောင့် အရာရှိတစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ခွန်မားဆန့်သတင်းစာက ဖော်ပြခဲ့ပါတယ်။

အမျိုးအမည်မသိ အရာတစ်ခု ပေါက်ကွဲမှုကြောင့် လူနှစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး ရာဇဝတ်ကြောင်းနဲ့ အမှုဖွင့်ထားတယ်လို့ ရုရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

အရာရှိတစ်ယောက်နဲ့ အမည်မသိ အမျိုးသမီးတစ်ယောက်တို့ တိုယိုတာလင်ခရုဇာကားထဲကို ဝင်သွားပြီးနောက် မကြာခင် ပေါက်ကွဲမှု ဖြစ်ပွားတာလို့ ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ထိပ်တန်းသတင်းစာတစ်စောင်ဖြစ်တဲ့ ခွန်မားဆန့်ကတော့ ဒဏ်ရာရတဲ့အရာရှိဟာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပင်မညွန်ကြားရေးမှူးချုပ်ရုံးတစ်ရုံးကဖြစ်ပြီး GRU လို့ ရည်ညွှန်းကြတဲ့ ထောက်လှမ်းရေးဌာနက အမှုထမ်းလို့ ဖော်ပြခဲ့ပါတယ်။

ပေါက်ကွဲမှုမှာ အရာရှိတစ်ယောက်နဲ့ သူ့ဇနီး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ အမျိုးသားရဲ့ ခြေထောက်တွေ ထိခိုက်သွားခဲ့ကြောင်း နိုင်ငံပိုင် TASS သတင်းဌာနက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် တခြားကားငါးစီး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။