ဟာရီကိန်း မီလ်တန်ဟာ မက္ကဆီကိုပင်လယ်ကွေ့ကို ဗဟိုပြုရင်း အင်အားအဆင့် (၅) ရှိတဲ့ အန္တရာယ်ရှိ ဟာရီကိန်းအဖြစ်ကို ရောက်ရှိသွားကြောင်း CNN သတင်းမှာ တနင်္လာနေ့က ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါကို ဦးတည် ရွေ့လျားနေတဲ့ အဲဒီဟာရီကိန်း မီလ်တန်ဟာ အင်အားအဆင့် လျော့ကျတာမျိုး ရှိနိုင်ပေမဲ့ မုန်တိုင်းအရွယ် အစားကတော့ ဆက်လက်ကြီးထွားမယ်လို့ ခန့်မှန်းရတဲ့အတွက် အန္တရာယ်ပေးနိုင်စွမ်းက ကျယ်ပြန့်ကြီးမားမယ်လို့ ခန့်မှန်းရပါတယ်။
မီလ်တန်ဟာ ဖလော်ရီဒါ ကမ်းရိုးတန်းကို ဗုဒ္ဓဟူးနေ့မှာ စတင်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီးတော့ မုန်တိုင်းမျက်စိဟာ မြောက်ပိုင်းမှာ ဆီဒါးကီးကမ်းခြေနဲ့ တောင်ပိုင်းမှာ နေပဲလ်ကမ်းခြေ အဲဒီနေရာတွေအနီး တစ်နေရာရာကို ကျရောက်လာနိုင်ဖွယ် ရှိနေပါတယ်။

ဟာရီကိန်း မီလ်တန်ဟာ ဖလော်ရီဒါပြည်နယ်ထဲကို ဖျက်အားပြင်း ဟာရီကိန်း ဟယ်လန် ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီးနောက်(၁၀)ရက်အကြာမှာ ထပ်မံပေါ်ပေါက် လာတဲ့ ဖျက်အားပြင်း မုန်တိုင်းဖြစ်ပါတယ်။
မုန်တိုင်းရဲ့ အသက်အန္တရာယ်ပေးနိုင်တဲ့အဆင့်ကြောင့် အမေရိကန် အာဏာပိုင်တွေက ဖလော်ရီဒါပြည်နယ်မှာ နေရပ်ရွှေ့ပြောင်းအမိန့်တွေ ထုတ်ပြန်ထားပါတယ်။