ကာရစ်ဘီယံပင်လယ်ပြင်ကို ဗဟိုပြု ရွေ့လျားနေတဲ့ ဟာရီကိန်းမုန်တိုင်း ဘဲရင်းလ်ဟာ အဆင့်(၅)ရှိ အားအလွန် ကောင်းတဲ့ ဟာရီကိန်းမုန်ုတိုင်းအဖြစ် ပြောင်းလဲရောက်ရှိလာပါတယ်။

ကာရစ်ဘီယံထဲက ဝင်းဝါ့(ဒ်)ကျွန်းမှာ အဲဒီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးထိခိုက်မှုတွေ ဖြစ်ပေါ်ပြီး လူတစ်ယောက် သေဆုံးခဲ့ပြီးနောက် ဟာရီကိန်း မုန်တိုင်း ဘဲရင်းလ်ဟာ အဆင့်(၄)ကနေ အဆင့်(၅)ရှိတဲ့ ဟာရီကိန်းအဖြစ် တနင်္လာနေ့က လျင်လျင်မြန်မြန် ပြောင်းလဲသွားခဲ့တာပါ။
၂၀၀၅ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်း အယ်မလီ နောက်ပိုင်း အန္တရာယ် ကြီးတဲ့ ဒုတိယမြောက် မုန်တိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဘဲရင်းလ်ရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီကို မိုင်(၁၆၀)နီးပါးအထိ မြင့်တက်လာတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာက ပြောပါတယ်။ မုန်တိုင်း ဘဲရင်းလ်ဟာ ကာရီယာကောကျွန်းကို ဒေသစံတော်ချိန် မနက် ၁၁ နာရီ လောက်မှာ စတင်ဝင်ရောက်ခဲ့ ပါတယ်။

မုန်တိုင်းဝင်ချိန်မှာ ကာရီယာကောနဲ့ ပက်တီတေးမာတီနစ်ကျွန်းရဲ့ နေရာအများအပြားမှာ ထိခိုက်ပျက်စီး မှု သတင်းတွေ ကြားရကြောင်း ဂရီနာဒါကျွန်းနိုင်ငံ ဝန်ကြီးချုပ် ဒစ်ကွန် မစ်ချဲလ်က တနင်္လာနေ့ မနက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ နာရီဝက်အတွင်း တစ်ကျွန်းလုံး ပြားပြားဝပ်သွားခဲ့ပြီး လတ်တလောမှာ မုန်တိုင်း ကြောင့် သေဆုံးဒဏ်ရာရ စာရင်း မကြားရသေးပေမဲ့ ဒါက အချိန်နဲ့အမျှ ပြောင်းလဲသွား နိုင်တယ်လို့လည်း ပြောပါတယ်။

စိန့် ဗင်းဆင့် နဲ့ ဂရီနာဒင်းစ် ကျွန်းစုမှာတော့ အနည်းဆုံး လူတစ်ယောက် သေဆုံးပြီး လူနေအိမ် ရာပေါင်းများစွာ ပျက်စီးသွားခဲ့တယ်လို့ စိန့်(တ်)ဗင်းဆင့်နဲ့ ဂရီနာဒင်းစ် ကျွန်းနိုင်ငံရဲ့ ဝန်ကြီးချုပ်က ထုတ်ပြန် ပါတယ်။ ဟာရီကိန်း ဘဲရင်းလ်ဟာ ကာရစ်ဘီယံပင်လယ် အလယ်ပိုင်းက လူနေထူထပ်တဲ့ ကျွန်းနိုင်ငံတွေကို ဖြတ်ကျော် မွှေနှောက်ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုပင်လယ်ကွေ့ကို ဝင်ရောက်မယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။