မစ္စမာကျားကို အထူးအာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရရဲ့ အဆိုပြုချက်ကို မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်တယ်လို့ ဩဂုတ် ၁၂ ရက် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြချက်အရ သိရပါတယ်။
မစ္စမာကျားဟာ ၁၉၆၇ ခုနှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ယုံးဂျီမြို့မှာ မွေးဖွားခဲ့ပြီး တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ သူဟာ ၁၉၉၁ ခုနှစ်ကစတင်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စတင်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နဲ့ ပြည်ပရှိ တရုတ်သံရုံးတွေမှာ ရာထူးအဆင့်ဆင့်နဲ့ တာဝန်တွေထမ်းဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာနမှာ သံအရာရှိနဲ့ တတိယအတွင်းဝန်အဖြစ် ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ၊ တတိယအတွင်းဝန်နဲ့ ဒုတိယအတွင်းဝန်အဖြစ် ၁၉၉၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိနဲ့ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အသီးသီးတာဝန်တွေ ထမ်းဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပြည်ပတာဝန်ထမ်းဆောင်မှုတွေအဖြစ် ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်ထိ ရန်ကုန်မြို့အခြေစိုက်တရုတ်သံရုံးမှာ တတိယအတွင်းဝန်၊ ၂၀၀၁ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံအခြေစိုက် တရုတ်သံရုံးမှာ ဒုတိယအတွင်းဝန်၊ ၂၀၀၁ ခုနှစ် ကနေ ၂၀၀၃ ခုနှစ်ထိ ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးမှာ ဒုတိယအတွင်းဝန်၊ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိ စင်ကာပူနိုင်ငံအခြေစိုက် တရုတ်သံရုံးမှာ ပထမအတွင်းဝန်၊ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဗြိတိန်နိုင်ငံနဲ့ မြောက်အိုင်ယာလန်နိုင်ငံအခြေစိုက် တရုတ်သံရုံးမှာ သံမှူး၊ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မလေးရှားနိုင်ငံအခြေစိုက်တရုတ်သံရုံးမှာ သံမှူးနဲ့သံမှူးကြီးအဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် မစ္စမာကျားဟာ ၂၀၁၈ ခုနှစ် မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် စန်းရှမြို့မှာ ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၉ ခုနှစ်ကနေ ဒီနေ့အထိ အိန္ဒိယနိုင်ငံ အခြေစိုက် တရုတ်သံရုံးမှာ သံမှူးကြီးနဲ့ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။