အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်၊ ဗစ်စ်ဘတ်မြို့ အရှေ့ဘက်မှာ သြဂုတ် ၃၁ ရက် အစောပိုင်းက ဘတ်စကားတစ်စီး တိမ်းမှောက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးရာမှာ ပါဝင်တဲ့ကလေးနှစ်ဦးဟာ အသက် ၆ နှစ်အရွယ် ယောက်ျားလေးနဲ့ ၁၆ နှစ်အရွယ် အစ်မဖြစ်တဲ့ မောင်နှစ်မတွေလို့ သိရပါတယ်။
ဝါရန်ကောင်တီက ဘိုဗီနာအရပ်အနီး ပြည်နယ်ချင်းဖြတ် အဝေးပြေးလမ်း အမှတ် ၂၀ မှာ မနက်စောစာ ၁ နာရီ မထိုးခင် အခင်းဖြစ်ပွားခဲ့တာလို့ မစ္စစ္စပီအဝေးပြေးကင်းစောင့်တပ်ဖွဲ့က ပြောပါတယ်။

အနောက်ဘက်ကို မောင်းနှင်လာတဲ့ ၂၀၁၈ ခုနှစ်ထုတ် ဗော်လ်ဗို ခရီးသည်တင်ဘတ်စကားဟာ လမ်းဘေးထိုးကျပြီး တိမ်းမှောက်သွားခဲ့တာပါ။
အရေအတွက် မသိရတဲ့ ဒဏ်ရာရသူတွေ အပါအဝင် ခရီးသည် ၃၇ ဦးကို ဆေးရုံအသီးသီးကို ပို့ဆောင်ခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့က ပြောပါတယ်။
ခရီးသည်အများစုဟာ လက်တင်အမေရိကန်တွေ ဖြစ်တယ်လို့ သိရပြီး သူတို့အမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။