ဘော်လကန်ဒေသ အပါအဝင် ဥရောပတိုက်နေရာအများစုမှာ ဗုဒ္ဓဟူးနေ့က အပူလှိုင်းဖြတ်သန်းမှု ဆက်လက် ဖြစ်ပေါ်နေပါတယ်။ အခုအပတ်တွင်း ဘော်လကန်ဒေသမှာ နေ့အပူချိန်တွေ မြင့်မားနေပြီး ခရိုအေးရှား ၊ မွန်တီနီဂရိုးနဲ့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံတို့မှာ နေ့အပူချိန်ဟာ (၃၉) ဒီဂရီ ဆဲလ်စီးယပ်စ် ဝန်းကျင်မှာ ရှိနေခဲ့ ပါတယ်။

ဘော့စ်နီးယားနိုင်ငံ မြို့တော် ဆာရာယေဗိုမှာ ပြည်သူတွေဟာ အပူဒဏ်ကို အန်တုရင်ဆိုင်နိုင်ဖို့အတွက် ရေပန်းတွေရှိရာကို သွားပြီး ရေဘူးဖြည့် သောက်သုံးတာ ၊ လည်ပင်းနဲ့ ရင်ဘတ်နေရာတွေကို ရေနဲ့ သပ်တာတွေ လုပ်ကြပါတယ်။

မြောက်မက်ဆီဒိုးနီးယားနိုင်ငံ စကိုပီယာမြို့တော်မှာတော့ စားဖိုမှူး ဖာရွတ်ခ်ဟာ ပူလောင် အိုက်စပ်နေတဲ့ကြားကပဲ မီးဖိုကနေမခွာ ပုံမှန်လုပ်မြဲအတိုင်း စားဖွယ်သောက်ဖွယ်တွေကို ကြော်လှော် မီးဖုတ် ချက်ပြုတ်နေရတယ်လို့ ဆိုပါတယ်။

ဆားဘီးယားနိုင်ငံမှာတော့ မြူနီစီပယ်ဒေသ (၁၀)ခုမှာ အပူလှိုင်းကြောင့် အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးချက် ထုတ်ပြန်ထား ပါတယ်။