ဘေရွတ်မြို့တောင်ပိုင်းက တိုက်ခိုက်မှုတစ်ခုအတွင်း ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး အီဘရာဟင် အက်ကူလ်နဲ့ တခြား အကြီးတန်းတပ်မှူးတွေ သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်ဘက်က စက်တင်ဘာ ၂၀ ရက်က အတည်ပြုလိုက် ပါတယ်။

အက်ကူလ်ဟာ အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ထိပ်တန်း ရက်ဒ်ဝန်တပ်ဖွဲ့ရဲ့ ယာယီတပ်မှူး ဖြစ်ပါတယ်။ အစ္စရေး တိုက်ခိုက်မှုအတွင်း လူ ၉ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ကနဦး ထုတ်ပြန်ထားပါတယ်။
အခုသီတင်းပတ်အစောပိုင်းက ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေ အသုံးပြု တဲ့ ပေဂျာတွေနဲ့ ဝေါ်ကီတော်ကီ စကားပြောစက်တွေ ပေါက်ကွဲခဲ့လို့ စုစုပေါင်း လူ ၃၇ ဦး သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိသွားပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့ကို နောက်ထပ် ထိုးနှက်ချက်တစ်ရပ် ထပ်မံဖြစ်ပွားခဲ့တာပါ။
အက်ကူလ်ဟာ ၁၉၈၃ ခုနှစ် လက်ဘနွန်မှာ အမေရိကန်မရိန်းတပ်သား အများအပြားသေဆုံးခဲ့တဲ့ အသေခံဗုံးခွဲမှုနဲ့ ဆက်စပ်တဲ့အတွက် သူ့ကိုအသေရရင် ဒေါ်လာ ၇ သန်း ဆုကြေးပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ဝက်ဘ်ဆိုက်မှာ ကြေညာထားခံရသူ ဖြစ်ပါတယ်။
ဘေရွတ်တိုက်ခိုက်မှုအပြီးမှာ အစ္စရေးမြောက်ပိုင်း အဓိက ထောက်လှမ်းရေးဌာနက ကက်ရှူးဝါးဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ပြောပါတယ်။