အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သားဖြစ်သူ ဟန်တာကို အကာအကွယ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ထပ်ခါ တလဲလဲ ပြောဆိုခဲ့ပြီးနောက် ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အတွက် အိမ်ဖြူတော်ဟာ ခုခံ ချေပ ရှင်းလင်းနေရပါတယ်။
သမ္မတဟာ နိုင်ငံရေးရန်ဘက်တွေရဲ့ နှိပ်စက်မှုကနေ အကာအကွယ်ပေးဖို့အတွက် အခုလနှောင်းပိုင်းမှာ ပြစ်ဒဏ် စီရင်ခံရမယ့်သားဖြစ်သူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန်က ပြောပါ တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ဆယ်စုနှစ်တစ်ခုအတွင်း အသက် ၅၄ နှစ် အရွယ် ဟန်တာဘိုင်ဒန် ကျူးလွန်ခဲ့တဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရာဇ၀တ်မှုတွေနဲ့ အကျုံးဝင်ပါတယ်။ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာအလွဲသုံးစားလုပ်ပြီး တရားမျှတမှုကို ပျက်ပြားစေတာလို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရီပတ်ဘလီကန်တွေက ပြောဆိုရှုတ်ချ ခဲ့ကြပါတယ်။
ဟန်တာဟာ သေနတ်ဝယ်ရာမှာလိမ်လည်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ အခွန်ရှောင်မှုတွေမှာ အပြစ်ရှိတယ်လို့ ဇွန်လမှာ ဒီလာဝဲတရားရုံးက ဂျူရီလူကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် သူဟာ ရာဇဝတ်ကြောင်းနဲ့ ပြစ်ဒဏ် ချမှတ်ခံရတော့မယ့် ရာထူးလက်ရှိ အမေရိကန်သမ္မတတစ်ဦးရဲ့ ပထမဆုံးကလေး ဖြစ်ခဲ့ပါတယ်။
ဘိုင်ဒန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ရီပတ်ဘလီကန်တွေသာမက ဒီမိုကရက်အမတ်တချို့ကလည်း ရှုတ်ချခဲ့ ပါတယ်။ ဟန်တာ ရင်ဆိုင်ရတဲ့ စွဲချက်တွေဟာ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ တရားစွဲဆိုမှု မဟုတ်ဘူးလို့ အရီဇိုးနား ပြည်နယ်က ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂရက် စတန်တွန်က ပြောပါတယ်။