အမေရိကန်သမ္မတဂျိုဘိုင်ဒန်က ပြန်လည်အရွေးမခံတော့ဖို့ ဆုံးဖြတ်ကြောင်း ကြေညာတဲ့အပေါ် အမေရိကန် တသီးပုဂ္ဂလ သမ္မတကိုယ်စားလှယ်လောင်း ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာက တနင်္ဂနွေနေ့မှာ ကြိုဆိုချီးမွမ်းလိုက်ပါတယ်။

ဘိုင်ဒန်နေရာမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုဖို့ ကာမလာ ဟဲရစ်ကို တင်မြှောက်နိုင်ခြေရှိနေတဲ့အပေါ် ဟဲရစ်ဟာ စစ်မက်လိုလားသူဖြစ်ပြီး သူရဲ့ ခေါင်းဆောင်မှုအစဉ်အလာ နဲ့ မူဝါဒတွေအပေါ် ကနေဒီက ဝေဖန်မေးခွန်းထုတ်လိုက်ပါတယ်။
သမ္မတထရမ့်ရဲ့ လူအများကြိုက် ဆွဲဆောင်စည်းရုံးမှုတွေကိုလည်း အလိမ်အညာတွေအဖြစ် ရှုတ်ချသွားသလို ထရမ့်ဟာ အမေရိကန်ပြည်သူ့တွေရဲ့ အကျိုးထက် ကော်ပိုရိတ်စီးပွားရေး လုပ်ငန်းတွေရဲ့အကျိုးကို ပိုဦးစားပေးသူလို့လည်း စွပ်စွဲသွားပါတယ်။
နိုင်ငံရေးလောကမှာ ကနေဒီကို ထောက်ခံသူတွေထဲမှာ လစ်ဘရယ် ၊ ကွန်ဆာဗေးတစ်တွေ ကနေ တသီးပုဂ္ဂလ လွတ်လပ်စွာ ရပ်တည်သူတွေ ပါဝင်ပြီး ကနေဒီဟာ ထရမ့် နဲ့ ဘိုင်ဒန်တို့ရဲ့ မဲဆန္ဒရှင်တွေကို သိမ်းသွင်းကောင်း သိမ်းသွင်းနိုင်လိမ့်မယ်လို့ လူထုစစ်တမ်းတစ်ချိုု့က ပြသနေတယ် ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီကတော့ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအဖြစ် ပြိုင်ပွဲကို စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် တသီးပုဂ္ဂလ အဖြစ်ကြေညာခဲ့သူ ကနေဒီကို ဒီမိုကရက်တွေရဲ့ မဲတွေကို လုယူပြီး ထရမ့်နိုင်အောင် အားပေးမဲ့ ရွေးကောက်ပွဲ ပွဲဖျက်သူတစ်ယောက်အဖြစ် ရှုမြင်ထားပါတယ်။