ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်က ရဲစခန်းတွေ၊ မီးရထားလိုင်းတွေနဲ့ အဝေးပြေးလမ်းတွေကို ခွဲထွက်ရေး စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၅၁ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သြဂုတ် ၂၆ ရက်က တာဝန်ရှိသူရဲ့ ပြောဆိုချက်အရ အဲဒီအကြီးမားဆုံး တိုက်ခိုက်မှုမှာ ဘတ်စကားတွေ ကနေ ကုန်တင်ကားတွေအထိ ယာဉ်မျိုးစုံကို စစ်သွေးကြွတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး မော်တော်ယာဉ် ၃၅ စီး မီးလောင်ခဲ့တယ် ဆိုပါတယ်။

သြဂုတ် ၂၅ ရက် ညပိုင်းကလည်း ဘလူချီစတန်ရဲ့ အဝေးပြေးလမ်းကို လက်နက် ကိုင်တွေက ပိတ်ဆို့ခဲ့ပြီး ခရီးသည်တွေကိုလည်း ကားပေါ်ကဆင်းခိုင်းကာ မှတ်ပုံတင် စစ်ဆေးတာတွေ ပြုလုပ်ပြီးနောက် ပစ်သတ်ခဲ့တယ်လို့ ရဲအရာရှိကြီးတစ်ယောက်က ရိုက်တာကို ပြောပါတယ်။
စစ်သွေးကြွအဖွဲ့ ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် BLA က သူတို့လက်ချက်လို့ သတင်းထောက်တွေဆီ အီးမေးလ်နဲ့ ကြေညာချက် ပေးပို့ခဲ့ပါတယ်။
ပါကစ္စတန်အာဏာပိုင်တွေက အဲဒါကို အတည်မပြုနိုင်သေးပေမဲ့ အဓိက ပြည်သူ့စစ်စခန်းတစ်ခု အပါအဝင် နောက်ထပ် စခန်းအများအပြား တိုက်ခိုက်ခံရမှုတွေ ရှိခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။