ဆော်ပိုလိုအနီးမှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၆၂ ယောက်စလုံး သေဆုံးခဲ့တဲ့ လေယာဉ်က အင်ဂျင်တွေကို စစ်ဆေးဖို့အတွက် သြဂုတ် ၁၁ ရက် ညပိုင်းက မတော်တဆမှု ဖြစ်ပွားရာနေရာကနေ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို ဘရာဇီးလေတပ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဗီဒီယိုဖိုင်မှာ ဝန်ထမ်းတွေက စက်ယန္တရားကြီးတွေ သုံးပြီး လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ထရပ်ကားပေါ် တင်နေတာ တွေ့ရပါတယ်။
အဲဒီအင်ဂျင်တွေကို ဆော်ပိုလိုက လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဒေသဆိုင်ရာ ဌာနတစ်ခုဆီ သယ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ATR-72 အမျိုးအစား တာဘိုပန်ကာတပ် လေယာဉ်ဟာ သြဂုတ် ၉ ရက်က ပါရာနာပြည်နယ်၊ ကာ့စ်ကာဗီလ်ကနေ ဆော်ပိုလိုကို ထွက်ခွာလာရင်း မွန်းလွဲ ၁ နာရီခွဲလောက်မှာ ပျက်ကျခဲ့တာပါ။
ဆော်ပေါ်လို အနောက်မြောက်ဘက် ကီလိုမီတာ ၈၀ အကွာက ဗင်ဟီဒိုမှာ ပျက်ကျခဲ့ပြီး လေယာဉ်ဟာ နေ့လယ် ၁ နာရီ ၂၁ မိနစ်အထိ ပုံမှန်အတိုင်း ပျံသန်းနေရာက ခေါ်ဆိုမှုတွေကို မတုံ့ပြန်တော့ဘဲ ၁ နာရီ ၂၂ မိနစ်မှာ ရေဒါအဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ဘရာဇီးလေတပ်က ထုတ်ပြန်ထားပါတယ်။
လေယာဉ်မှူးတွေက အရေးပေါ်အခြေအနေ၊ ရာသီဥတုဆိုးရွားတာတွေ သတင်းပို့ခဲ့တာမျိုး လည်း မရှိဘူးလို့ ဆိုပါတယ်။
ခန့်မှန်းခြေ ရက် ၃၀ အတွင်း လေယာဉ်မတော်တဆမှုဆိုင်ရာ ပဏာမအစီရင်ခံစာကို ထုတ်ပြန်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။