ဗြိတိန်ဝန်ကြီးချုပ်သစ် ကီးရ် စတာမာက ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်လက်ထက်က ဥရောပသမဂ္ဂနဲ့ ရရှိထားတဲ့ ဘရက်ဇစ်နောက်ပိုင်း ကုန်သွယ်မှုစည်းမျဉ်းတွေနဲ့ ပတ်သက်တဲ့ ဖြစ်ကတတ်ဆန်း သဘောတူညီ ချက်ထက် ပိုမိုကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုရရှိဖို့ ကတိပြုခဲ့ပါတယ်။

ဇူလိုင် ၈ ရက်က ဘဲလ်ဖတ်စ်မှာ သတင်းထောက်တွေနဲ့ စကားပြောဆိုရာမှာ ဥရောပသမဂ္ဂကနေ ဗြိတိန်ထွက်ခွာတဲ့ ဘရက်ဇစ်ဖြစ်စဉ်နောက်ပိုင်း ကုန်သွယ်မှုစည်းမျဉ်းသစ် ရယူမယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်ကင်းဒမ်းရဲ့ နိုင်ငံလေးခု ခရီးစဉ် တစ်စိတ် တစ်ပိုင်းအနေနဲ့ မြောက်ပိုင်းအိုင်ယာလန်မြို့တော်ကို ရောက်ရှိသွားတဲ့ စတာမာက ဥရောသမဂ္ဂ အီးယူနဲ့ ယူကေရဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့နဲ့ ရှိပြီးသားသဘောတူညီချက်တွေကို ထိန်းသိမ်းဖို့တို့အတွက် ကတိ ကဝတ်တစ်ခု လိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။

သဘောတူညီထားတဲ့ ဆက်ဆံရေးကို ကတိကဝတ် မပြမချင်း ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ထောက်ပြခဲ့ပါတယ်။
အခုအခါ သူ့ရဲ့အစိုးရဟာ အပြောင်းအလဲ၊ အီးယူနဲ့ ကွဲပြားခြားနားတဲ့ ဆက်ဆံရေး၊ မတူညီတဲ့နည်းလမ်းနဲ့ နိုင်ငံရေးလုပ်ဆောင်ဖို့တွေအတွက် အလွန်ခိုင်မာတဲ့ လုပ်ပိုင်ခွင့် ရရှိထားတယ်လို့ စတာမာက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။